Hermes

.

ယခုတပါတ်တနင်္ဂနွေသည့် ကျွန်ုပ်တို့၏ တနင်္ဂနွေ စကားဝိုင်း အလှည့်ကျ လာသောနေ့ ဖြစ်သောကြောင့် ယနေ့တွင် (5)ဂဏန်းသမားများအကြောင်း ဆွေးနွေးကြရန် ကျွန်ုပ်နှင့် ကိုသိန်းဖေ တို့ စကားဆိုခဲ့ကြပြီး ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့၏ စကားဝိုင်းကို အစပြုလိုက် ရပေတော့သည်။

ကျွန်ုပ်။ ။ ကဲ- ကိုသိန်းဖေရေ။ ဒီနေ့တော့ (5)ဂဏန်းသမားတွေအကြောင်း ဆွေးနွေးကြမယ်မဟုတ်လားဗျာ။

ကိုသိန်းဖေ။ ။ ဟုတ်ပါ့ဗျား။ (5)ဂဏန်းနဲ့ပတ်သတ်ပြီး ဆရာ့အမြင်၊ အတွေ့အကြုံလေးတွေကို ပြောပြပါဦးဗျာ။

ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ (5)ဂဏန်းဟာ သင်္ချာဗေဒပညာမှာ ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးတဲ့ဂဏန်းဗျ။ ဗုဒ္ဓဟူးဂြိုဟ်ကို အင်္ဂလိပ်လို Mercury လို့ခေါ်တယ်။ ဂရိ ဒဏ္ဍာရီတွေမှာတော့ “ဟားမီးစ်” လို့ခေါ်တဲ့ ခြေထောက်မှာ အတောင်ပံပါတဲ့ ခြေမြန်တော် နတ်သားဟာ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ အမှတ်အသားပေါ့ဗျာ။ နောက်တစ်ခု က ပြဒါးကိုလည်း မာကျူရီလို့ဘဲခေါ်တယ်။ ပြဒါးဆိုတာ အဂ္ဂိရတ်သမား တွေအတွက်တော့ အင်မတန် အရေးကြီးတဲ့ ဒြပ်စင်တစ်မျိုးပေါ့ဗျာ။ ကြားဘူးမှာပေါ့ဗျာ။ ” သံ,သေ၊ တစ်ဆွေဝ၊ ပြဒါးသေ တစ်ပြည်ဝ” တဲ့။

ပြဒါးဆိုတဲ့ ဓာတ်ဟာ သေအောင်လုပ်ဖို့ အင်မတန်ခက်ခဲလွန်းလို့ ပြဒါးကို သေအောင် ထိုးနိုင်ရင် “ရွှေဖြစ်ချင်သလားရွှေ၊ ငွေဖြစ်ချင်သလား ငွေ” ဆိုတာမျိုးလို ဖြစ်နိုင်တယ်လို့ အဂ္ဂိရတ်သမားတွေ ယုံကြည်ကြတယ်။ ယုံကြည်သလိုလည်း လုပ်နေကြပေမယ့် အောင်မြင်တယ် လို့တော့ မကြားဘူးသေးပါဘူး။ ပေါက္ကံရာမလို့ ခေါ်တဲ့ ပုဂံပြည်ကြီး ကောင်းစားစဉ်က “ရှင်အဇ္ဇဂေါဏ” လို့ခေါ်တဲ့ ရှင်မထီးကြီးဟာ ပြဒါးကို သေအောင်ထိုးနိုင်လို့ ပေါက္ကံပြည်ကြီး ရွှေမိုးငွေမိုး ရွာခဲ့တယ် ဆိုတာလည်း ကြားဖူးမှာပေါ့။

.

ကိုသိန်းဖေ။ ။ အဲဒီတော့ (5)ဂဏန်းသမားတွေနဲ့ ပြဒါးရဲ့ဂုဏ်သတ္တိတို့ကြားမှာ ဆက်စပ်မှုနိုင်ရဲ့လားဆရာ။

ကျွန်ုပ်။ ။ ရှိတယ်လို့ ဆိုရမယ်ဗျ။ ပြဒါးဟာ အင်မတန်ဆုပ်ကိုင်ဖမ်းယူဖို့ ခက်တယ်။ အလွယ်တကူ ပြန့်ကြဲသွားနိုင်သလို၊ အလွယ်တစ်ကူ ပြန်လည် စုစည်းသွားနိုင်တယ်။ မင်းသားကြီးအားနိုးလ် သရုပ်ဆောင်ခဲ့တဲ့ Terminator (2) လား (3) လားမှာ ပါတဲ့ ပြဒါးလူသားလိုပေါ့ဗျား။ စက်ရုပ်ခြင်းတောင်မှ ခက်ခက်ခဲခဲ ပြန်တိုက်ခိုက်ယူရလောက်အောင် စွမ်းအားသတ္တိ ကြီးလှတယ်လေ။ ဒါပေမယ့် သူက အပူကို သိပ်ကြောက်တယ်။ ပြဒါးကို မီးသာပြလိုက်။ ရွှတ်ကနဲ ပျောက်ထွက်သွားတာဘဲဗျ။ မီးအပူကို သိပ်ကြောက်တယ်။

ဒီလိုဘဲ (5)ဂဏန်းသမားတွေဟာ လွတ်လပ်မှုကို သိပ်ကြိုက်တယ်။ အချုပ်ချယ်ခံဘဝ၊ သူများလက်အောက်ခံဘဝမှာ နေလိုသူတွေမဟုတ်ဘူး။ မီးအပူကို ကြောက်တဲ့သဘောက ဇွဲသတ္တိဝီရိယ နည်းတဲ့သဘောကို ပြတယ်ဗျ။ (5)ဂဏန်းသမား အတော်များများဟာ ဆင်းရဲပင်ပန်းခံပြီး ရေရှည်လုပ်ရမယ့် အလုပ်မျိုးဆိုရင် မီးနဲ့တွေ့သလို ပြေးတော့တာဘဲဗျို့။ (5)ဂဏန်း သမားတွေဟာ (2)ဂဏန်းသမား တွေလိုဘဲ ဇွဲသတ္တိသိပ်မကောင်းလှဘူးဗျ။ ရှေရှည် စွဲစွဲမြဲမြဲလုပ်ရမယ့် လုပ်ငန်းတွေထက်

တစ်ပွဲတိုး ဖြတ်လမ်းနည်းတွေနဲ့ ကြီးပွားလိုချင်တတ်ကြတယ်။ ဝီရိယထက် ဉာဏ်ကို ပိုမိုအားကိုး လိုသူတွေဖြစ်တယ်။ ဉာဏ်ကလည်း အလွန်ကောင်းတတ်ကြတယ်ဗျို့။ (5)ဂဏန်းသမားတွေဟာ တင်္ခနုပ္ပတိ လို့ခေါ်တဲ့ ဖြတ်ထိုးဉာဏ် အလွန်ကောင်းတယ်။ အာဝဇ္ဇန်းကောင်းတယ်။ လူမှုဆက်ဆံရေး အလွန်ပြေပြစ်တယ်။ ဘယ်လို လူမျိုးနဲ့မဆိုတည့်အောင် ပေါင်းနိုင်တယ်။

ကိုသိန်းဖေ။ ။ဗုဒ္ဓဟူးဂြိုဟ်ဟာ အသိဉာဏ်နဲ့ ဦးနှောက်ကို စိုးမိုးတာကြောင့် ဉာဏ်ကောင်းကြတာများလား။ နောက်တစ်ခုက ကြာသပတေးဂြိုဟ်ကလည်း ဉာဏ်ပညာကို စိုးမိုးတယ်လို့ ကျွန်တော်ကြားဘူးတယ်ဆရာ။

ကျွန်ုပ်။ ။ ဟုတ်တယ်။ (၂)ခုစလုံးကတော့ အသိဉာဏ်ပညာနဲ့ အတွေးအခေါ်ကို စိုးမိုးကြတာမှန်ပေမယ့် စိုးမိုးပုံခြင်း မတူကြဘူး။ ကြာသပတေးဂြိုဟ်က ခက်ခဲနက်နဲတဲ့ ဘာသာရေး၊ ဗေဒင်ပညာ၊ အဘိဓမ္မာ၊ ဖီလော်ဆိုဖီ သဘောတရားတွေကို ပိုမိုအစိုးရပြီး၊ ဗုဒ္ဓဟူးဂြိုဟ်က တင်္ခနုပ္ပတိဉာဏ်နဲ့ လူမှုဆက်ဆံရေးပညာရပ်၊ အနုပညာပညာရပ်၊ သိပ္ပံပညာရပ် နဲ့ စီးပွားရေး ပညာတွေဘက်မှာ ပိုမိုအစိုးရတာကို တွေ့ရတယ်။

ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အယ်လ်ဘတ်အိုင်စတိုင်း ဟာဆိုရင် မတ်လ (14)ရက်နေ့မှာမွေးတဲ့ (5)ဂဏန်းသမားဖြစ်ပြီး မတ်လ(14)ရက်နေ့ဟာ ကြာသပတေးဂြိုဟ်ပိုင်တဲ့ မိန်ရာသီထဲမှာ ကျရောက်နေလို့ သူ့ကျတော့ ဗုဒ္ဓဟူးဂြိုဟ်ရော၊ ကြာသပတေး ဂြိုဟ်ပါ စိုးမိုးခံရသူဖြစ်တယ်။ ဒါကြောင့် သူဟာ သိပ္ပံပညာ သာမက၊ အဘိဓမ္မာဆန်တဲ့ အတွေးအခေါ်တွေကိုပါ ပိုင်ဆိုင်သူတစ်ဦးဖြစ်သွားပါတယ်။

ကိုသိန်းဖေ။ ။ ဆရာတို့ ဗေဒင်ပညာမှာလည်း ဗုဒ္ဓဟူးဂြိုဟ် နဲ့ ကြာသတေးဂြိုဟ် အားကောင်းမှ ဗေဒင်ပညာကို တတ်မြောက်နိုင်တယ်လို့ ကျွန်တော်ကြားဘူးတာ ဟုတ်လားဆရာ။

ကျွန်ုပ်။ ။ ဒါလည်း ဟုတ်တာဘဲဗျ။ ဗေဒင်ပညာရှင်တစ်ယောက်ဖြစ်ဖို့ ဗုဒ္ဓဟူး နဲ့ ကြာသပတေး အားကောင်းဖို့လိုတယ်။ ဒါက ဂဏန်းဗေဒင်အရတော့ မဟုတ်ဘူး။ နက္ခတ်ပညာအရပါ။ နက္ခတ်ဗေဒင် ဇာတာခွင်တစ်ခုမှာ ဗုဒ္ဓဟူးဂြိုဟ်နဲ့ ကြာသတေးဂြိုဟ် ဟာ အားကောင်းရုံမက သမန္ဓ လို့ခေါ်တဲ့ ဆက်သွယ်မှုလည်း ကောင်းဖို့လိုတယ်။ သင်္ချာဗေဒအရတော့ (2)ဂဏန်းသမား၊ (5)ဂဏန်းသမား၊ (7)ဂဏန်းသမား (8)ဂဏန်းသမား နဲ့ (9)ဂဏန်းသမားတွေဟာ ဗေဒင်ပညာရပ် တွေကို လိုက်စားလို့ရပြီး တတ်မြောက်နိုင်ပါတယ်။

ကိုသိန်းဖေ။ ။(5)ဂဏန်းသမားတွေရဲ့ ထူးခြားချက်တွေကို ပြောပြပါဦးဆရာ။

ကျွန်ုပ်။ ။ (5)ဂဏန်းဟာ လူသားအင်မတန်ဆန်တဲ့ဂဏန်းဖြစ်ပြီး လူ ဆိုတဲ့ သတ္တ၀ါနဲ့ အင်မတန်နီးစပ်တဲ့ဂဏန်းဖြစ်တယ်။ လူ့ကိုယ်ခန္ဓာမှာ ခြေချောင်း၊ လက်ချောင်းတွေဟာ တစ်ဘက်ကို (၅)ချောင်းစီ ပါနေတာရယ်၊ အာရုံခံစားနိုင်တဲ့ အင်္ဂါရပ် ဟာလည်း မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဆိုပြီး (၅)မျိုးရှိတာရယ်။ တရားသဘောအရခွဲခြမ်းစိတ်ဖြာလိုက်ရင် လူဆိုတာ “ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ်” ဆိုတဲ့ “ခန္ဓာ(၅)ပါး” အစုအဝေးသာဖြစ်တာရယ်၊ သာမန်လူသားတွေ စောင့်ထိန်းအပ်တဲ့ သီလဟာ (၅)ပါးအပြား သာရှိတာရယ်၊ အနန္တော အနန္တ (၅)ငါးပါးဟာ အကြီးအကဲဂိုဏ်းဝင်တွေ ဖြစ်တယ် ရယ်ဟာ လူသားဆိုတဲ့ ပညတ်နဲ့ အနီးစပ်ဆုံး သင်္ကေတတွေပါဘဲ။ နောက်တစ်ခုဟာ သင်္ချာဗေဒမှာ (1) ကနေ (9) အထိ ဂဏန်း (၉)ခုရှိတဲ့ အထဲမှာ (5)ဂဏန်းဟာ အလယ်ဗဟိုကျနေတာကို တွေ့ရလိမ့်မယ်။ ရှေ့မှာ ဂဏန်း (၄)လုံးရှိတယ်။ နောက်မှာ ဂဏန်း (၄)လုံးရှိတယ်။ သူက အလည်မှာ တံတားသဘောမျိုး ပေါင်းကူးပေးထားတာ မျိုးဖြစ်နေတယ်။

ကိုသိန်းဖေ။ ။အဲဒါ ဘာကိုဆိုလိုတာလည်းဆရာ။

ကျွန်ုပ်။ ။ အဲဒါက မျှတညီညွတ်အောင် ပေါင်းစပ်ပေးနိုင်ခြင်း၊ ပေါင်းကူးဆက်ဆံပေးနိုင်ခြင်း၊ စေ့စပ်ညှိနှိုင်းပေးနိုင်ခြင်း အဓိပ္ပါယ်တွေကို ဆောင်တယ်။ ဒါကြောင့် (5)ဂဏန်းသမားနဲ့ မတည့်တဲ့ ဂဏန်းမရှိသလောက်ဘဲ။ စိတ်ထဲက ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ အားလုံးနဲ့ သင့်တင်အောင် ပေါင်းနိုင်ကြတယ်။ သူဟာ ဆက်သွယ်ရေးပေါင်းကူးဂြိုဟ်ဖြစ်နေတော့ (5)ဂဏန်းသမားတွေဟာ သတင်း၊ ဆက်သွယ်ရေး၊ လူမှုဆက်ဆံရေး၊ သတင်း ဆက်သွယ်ရေး၊ စာနယ်ဇင်း၊ ရေဒီယို၊ သတင်းစာ၊ တီဗွီ၊ ကွန်ပျူတာ၊ အင်တာနက်၊ ကြော်ငြာလုပ်ငန်း၊ ၀ါဒဖြန့်ချိရေး လုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်နေသူတွေလည်း ဖြစ်နေတတ်တယ်။ ဂရိနတ်တွေထဲမှာ မာကြူရီနတ်သားဟာ ခြေထောက်မှာ အတောင်ပံပါတဲ့ ခြေမြန်တော်နတ်သားဖြစ်လို့ ဗုဒ္ဓဟူးဂြိုဟ်ဟာ ဆက်သွယ်ရေး၊ သတင်းဖြန့်ချိရေး၊ ကူးလူး ဆက်ဆံရေး၊ သံခင်းတမန်ခင်းကိစ္စတွေရဲ့ အမှတ်အသား တစ်ခုဖြစ်နေတယ်လို့ ဆိုရမှာပေါ့ဗျာ။

ကိုသိန်းဖေ။ ။ (5)ဂဏန်းသမားတွေရဲ့ ယေဘူယျ သရုပ်သကန်တွေကို အတိုချုံးပြီးပြောပြပါဦးဆရာ။

ကျွန်ုပ်။ ။ ပြောခဲ့သလိုဘဲ။ ငါးဂဏန်းသမားတွေဟာ ဉာဏ်ကောင်းပြီး၊ ဝီရိယနည်းသူတွေဖြစ်တယ်။ လောကဓံတရားကို ခံနိုင်ရည်ရှိတယ်။ ရေရှည်ဇွဲသတ္တိနည်းတယ်။ လူမှုဆက်ဆံရေး အလွန်ကောင်းတတ်တယ်။ ကိုယ်မနှစ်သက်ရင်တောင် အလွန်အတိုက်အခံပြုခဲတယ်။ ရန်ကို ရှောင်ရှားတတ်တယ်။ နှုတ်သွက်တယ်။ စကားပြောကောင်းတယ်။ အာဝဇ္ဇန်း ကောင်းတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ သူတစ်ပါးအပေါ် လွှမ်းမိုးလိုစိတ်နည်းတယ်။ အမိန့်သြဇာပေးလိုမှု နည်းတယ်။ လူ့အခွင့်အရေးကို လေးစားတယ်။ ဒါကြောင့် (5)ဂဏန်းသမား အာဏာရှင်ဖြစ်တာ မရှိသလောက် ရှားပါတယ်။ (5)ဂဏန်း သမားတွေထဲမှာ ဘုရင်တွေ၊ ဘုရင်မတွေ ရှိပေမယ့် သူတို့ဟာ မျိုးရိုးအစဉ်အဆက်အရဖြစ်ကြသူတွေဖြစ်ပြီး သူတို့လက်ထက်မှာ လည်း ဖိနှိပ်မှုတွေ သိပ်နည်းပါတယ်။

နောက်ပြီး သူတို့ဟာ အသုံးအစွဲကြီးပြီး လက်ဖွာသူများဖြစ်တယ်။ သူများကိုလည်း အလွယ်တကူ စွန့်ကြဲပေးကမ်း တတ်ကြတယ်။ အကောင်းစား ဇိမ်ခံပစ္စည်းတွေကို ခုံမင်နှစ်သက်တတ် တယ်။ သူတို့ဟာ မရှိလည်းပျော်ပျော်၊ ရှိလည်း ပျော်ပျော် နေတတ်သူတွေဖြစ်တယ်။ စည်းကမ်းသေဝတ်မှု နည်းတယ်။ တစ်ချို့ဆိုရင် ဗရမ်းဗတာ နေတတ်ထိုင်တတ်တာမျိုး တွေလည်း တွေ့ရတယ်။ ဉာဏ်ကောင်း၊ ဖြတ်ထိုးဉာဏ် ကောင်းပေမယ့် စီမံခန့်ခွဲမှုမှာတော့ အားနည်းညံ့ဖျင်း တတ်သူတွေ ဖြစ်တယ်။

(5)ဂဏန်းသမားတွေဟာ လူမှုဆက်ဆံရေးလည်းကောင်း၊ အပေါင်းအသင်းလည်းများ၊ စကားပြောလည်း ကောင်းတတ် သူတွေဖြစ်လို့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဆန့်ကျင်ဘက်လိင် တွေရဲ့ သဘောကျမှုကို ခံရတတ်သူတွေဖြစ်တယ်။ ဒါကြောင့် အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေ ရှုတ်ထွေး တတ်ကြတယ်။ အိမ်ထောင်မကျခင်မှာ အချစ်ရေးရှုတ်ထွေးပြီး ရည်းစားများ တတ်ကြသူတွေဖြစ်တယ်။

ယေဘူယျပြောရရင်တော့ (5)ဂဏန်းသမားတွေဟာ အိမ်ထောင်ရေးကံကောင်းတတ်ကြတယ်။ အထူးသဖြင့် မိန်းကလေး (5)ဂဏန်းသမားတွေဟာ အိမ်ထောင်ရေးကံကောင်း တတ်တယ်။ သူတို့အိမ်ထောင်ဘက်ဟာ လူအေး၊ လူဖြောင့်တွေ ဖြစ်တာ များတယ်။ အထူးသဖြင့် (23)ရက်ဖွား မိန်းကလေး တွေဟာ အိမ်ထောင်ရေးကံ ကောင်းတတ်ကြတယ်။ ကိုယ့်ထက် အဆင့်မြင့်တဲ့ အိမ်ထောင်ဘက်ကို ရတတ်တယ် (ဒါမှမဟုတ်)ကိုယ်နဲ့ အိမ်ထောင်ကျပြီး ကြီးပွားချမ်းသာလာတတ်တယ်။ ဒါပေမယ့် သူတို့ရဲ့ အိမ်ထောင်ဘက်တွေဟာ အေးစက်စက်နိုင် ကြသူများဖြစ်လို့ ဒီအပေါ်မှာ ကျေနပ်မှု မရနိုင်ကြတာ မျိုးတွေလည်း ရှိတတ်တယ်။

(5)ဂဏန်းသမားတွေဟာ စိတ်မှတ်ကြီးသူတွေ မဟုတ်ဘဲ ခွင့်လွှတ်လွယ်တယ်သူများဖြစ်တယ်။ ဘယ်လောက် စော်ကား ခံရခံရ ခဏလောက်ဘဲ ဒေါသဖြစ်၊ ပေါက်ကွဲတတ်ကြပြီး လွယ်လွယ် နဲ့ ပြီးပျောက်သွားကြ သူများဖြစ်တတ်ကြပါတယ်။ သူတို့နဲ့ လိုက်ဖက်တဲ့ ဂဏန်းတွေကတော့ (2)ဂဏန်း၊ (5)ဂဏန်း၊ (7) ဂဏန်း နဲ့ (8)ဂဏန်းတို့ဘဲဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ဂဏန်းအားလုံးနဲ့လည်း အဆင်ပြေညီညွတ်အောင် ပေါင်းသင်းနိုင်တဲ့ အရည်အချင်းမျိုးလည်း ရှိပါတယ်။ (5)ဂဏန်း သမားတွေဟာ (2)ဂဏန်းသမားတွေနဲ့ အိမ်ထောင်ကျတာကို အများဆုံး တွေ့ရတတ်တယ်။

ကိုသိန်းဖေ။ ။ (5)ဂဏန်းတစ်ခုခြင်းစီရဲ့ သီးခြားဂုဏ်အင်တွေကိုလည်း ပြောပြပါဦးဆရာ။

ကျွန်ုပ်။ ။ (5)ဂဏန်းသမားတွေထဲမှာ (5) ထီးတည်းသမားတွေဟာ အားလုံးနဲ့ ပိုမိုအဆင်ပြေပြီး၊ လွတ်လပ်မှုကို ပိုမို မြတ်နိုးတယ်။ လူ့အခွင့်အရေးကို လေးစားတယ်။ ရက်ရောသဘောကောင်းမှုများတယ်။ စွန့်ကြဲပေးကမ်း လွယ်တယ်။ “ပျော်ပျော်နေသေခဲဝါဒ” ကို ကျင့်သုံးတတ်သူများဖြစ်တယ်။ အထက်တန်းကျကျ နေလိုတတ်ကြတယ်။ အပျော်ကြူးတတ်မှု တွေ ရှိနိုင်တာကိုတော့ သတိပြုသင့်တယ်။

(14)ဂဏန်းသမားတွေကျတော့ ထက်မြက်မှုရှိပြီး၊ အုပ်ချုပ်သူသြဇာအာဏာရှိသူများနဲ့ ရင်းနှီးကျွမ်းဝင် လွယ်တတ်ကြသူများ ဖြစ်တယ်။ သူတို့ရဲ့ အကူအညီနဲ့မိမိဘဝတက်လမ်းကို ရှာကြံနိုင်တတ် ကြတယ်။ တနင်္ဂနွေ(1)ဂဏန်း နဲ့ ယူရေးနပ်စ်ဂြိုဟ် (4)ဂဏန်းပေါင်းစပ်ထားတာကြောင့် ကျန်တဲ့ (5)ဂဏန်းတွေထက် ပိုမိုထက်မြက်ပြီး သြဇာ နဲနဲ ပေးချင်တဲ့ သူတွေဖြစ်တယ်။ ယူရေးနပ်စ်ဂြိုဟ်ပါနေတဲ့အတွက် သူတို့ဟာ လောကဓံတွေကို မကြာခဏကြုံရတတ်တယ်။ ရန်အတိုက်အခံပိုများတယ်။ ဒါပေမယ့် သူတို့ဟာ လူကောင်းလူဖြောင့်တွေဖြစ်ပြီး အပေါင်း အသင်းများအပေါ်မှာ အနစ်နာ ခံပြီးပေါင်းတတ်ကြတယ်။ ခင်မင်မိပြီဆိုရင် အစွမ်းကုန် ကူညီတတ်ကြလေ့ရှိသူများဖြစ်တယ်။ သူတို့ဟာ နောက်က Current of Destiny ခေါ်တဲ့ မွေးတဲ့ ခုနှစ်ဂဏန်း မကောင်းရင် ဥပစ္ဆေဒကံ ရှိသူများဖြစ်တယ်။

(23)ဂဏန်းသမားတွေကျတော့ ဂဏန်းအားလုံးထဲမှာ ဘုရင်ဆိုလောက်တဲ့ဂဏန်းဖြစ်တယ်။ (23)ရက်ဖွားဟူသမျှ ကောင်းစား ကြတာများတယ်။ မိန်းကလေးဆိုရင် ပိုကောင်းစား တတ်တယ်။ လင်ကောင်းသားကောင်းရတတ်တယ်။ (23)ရက်ဖွား ယောင်္ကျားများ ကြပြန်တော့ ကံကြမ္မာရဲ့ မျက်နှာသာပေးမှု ကို ရတတ်ပြီး ဘ၀တက်လမ်း အလွန်မြန်တတ်ကြတယ်။ ဒါပေမယ့် (23)ဂဏန်းဟာ တနင်္လာဂြိုဟ် နဲ့ ကြာသပတေးဂြိုဟ်ကြီးတို့ ပေါင်းစပ်ထားတဲ့ “စန္ဒြဂုရု” ယုဂ်ရတဲ့ ဂဏန်းဖြစ်လို့ ကိုယ်ကျင့် တရားကောင်းဖို့လိုတယ်။ (23)သမားတွေဟာ ကံကောင်းနေရာက ကိုယ်ကျင့်တရားပျက်ခြင်း၊ သူတစ်ပါးကို အနိုင်ထက် ပြုနှိပ်စက်ခြင်း၊ ကာမဂုဏ်ဖောက်ပြန်ခြင်း စတဲ့ ဒုစရိုက်တွေကို ကျူးလွန်မိရင် ကံတရားက ချက်ခြင်းအပြစ်ပေး ခံရတတ်ပြီး အောက်ဆုံးကို ပြုတ်ကျ သွားတတ်တာကို သတိထားပါ။ (23)ဂဏန်းဟာ (5) , (14)ဂဏန်းတွေနဲ့ယှဉ်ရင် အတ္တစိတ်၊ တစ်ကိုယ်ကောင်းစိတ် ပိုများတတ်တယ်။ ကပ်စေးပို နဲတတ်တယ်။ ရက်ရောမိရင်လည်း သူမတူအောင် ရက်ရောတတ်သလို၊ ကပ်စေးနှဲမိရင်လည်း သူမတူအောင်ဖြစ်တတ်တယ်။

ကိုသိန်းဖေရေ – နောက်ဆုံးခြုံပြောရရင် (5)ဂဏန်းသမားတွေဟာ ပြဒါးကို သေအောင်သတ်ဖို့ မလွယ်သလို၊ သူတို့ကို ပြုပြင်ပြောင်းလဲဖို့လွယ်သူတွေ မဟုတ်ဘူးဗျ။ (5)ဂဏန်းသမား လူဆိုးဖြစ်မိရင် ဆုံးမပဲ့ပြင်ဖို့ကြိုးစားမနေနဲ့။ သူ့ဟာသူ ပြန်ကောင်းရင်ကောင်းလိမ့်မယ်။ သူများဆုံးမလို့တော့ နောင်တရမယ် မထင်နဲ့။ (5)ဂဏန်းသမားတွေဟာ ဘုန်းကြီးတစ္ဆေ တွေဗျ။ သူ့ကို တရားသွားမဟောနဲ့ သူကပြန်ဟောပြလိမ့်မယ်။ သူတို့ဟာ လောကကြီးအကြောင်းကို နောကြေနေအောင် သိကြသူတွေ ဖြစ်တွေလို့ သူတို့ကို ဆရာလုပ်လို့ မလွယ်လှပါဘူး။

ကိုသိန်းဖေ။ ။ သိချင်တာတွေ အတော်ပြည့်စုံသွားပါပြီဆရာ။ ထင်ပေါ်ကျော်ကြားတဲ့ (5)ဂဏန်းသမားတွေကိုလည်း ပြောပြပါဦးဆရာ။

ကွန်ုပ်။ ။ အိန္ဒိယလွတ်လပ်ရေးဖခင်ကြီးနဲ့ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟလာနေရူး က (23)ရက်ဖွား၊ နပိုလီယံအလွန်ချစ်မြတ်နိုးတဲ့ မိဘုရားကြီး ဂျိုဆက်ဖင်က (23)ရက်ဖွား၊ လေရူးသုန်သုန် ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ ဟောလီးဝုဒ်မင်းသမီးချော ဗီဗီယံလေးက (5)ရက်ဖွား၊ မင်းသားကြီး ဂရေဂိုရီပတ်က (5)ရက်ဖွား၊ ဂျော့ဘုရင် နံပါတ်(6)က (14)ရက်ဖွား၊ ချက်နိုင်ငံရဲ့ ပထမဆုံးသမ္မတ စာပေနဲ့ကဗျာပညာရှင် ဗားကလက်ဟေဗယ်က (5)ရက်ဖွား၊ ဂျော်ဒန်ဘုရင်ဟူစိန်က (14)ရက်ဖွား၊ ဂျိမ်းစ်ဘွန်းမင်းသား ရော်ဂျာမိုးက (14)ရက်ဖွား၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေဖြစ်ခဲ့တဲ့ ကောလင်းပါဝယ်က (5)ရက်ဖွား၊ ကွန်ဒိုလီဇာရိုက်စ် က (14)ရက်ဖွား၊ ဘောလုံးသမား ဟာနန်ခရက်စ်ပိုက (5)ရက်ဖွား၊ အင်္ဂလိပ်လူမျိုး နက္ခတ်သင်္ချာစွယ်စုံပညာရှင် ရာဖေးလ် က (5)ရက်ဖွားDell ကွန်ပျူတာကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ မိုက်ကယ်ဒဲလ် က (23)ရက်ဖွား၊ ဘီလျံနာ ဒေါ်နယ်ထရမ့်က (14)ရက်ဖွား၊ အာဏာရှင်တော်လှန်ရေးခေါင်းဆောင် ချီဂွေဗားရား က (14)ရက်ဖွား၊ ကွပ်မျက်ခံရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အလီဘူတို (ဘင်နာဇီယာဘူတို၏ဖခင်) က (5)ရက်ဖွား၊ ကာတွန်းပညာရှင်ကြီး ဝေါ့လ်ဒစ်နေး က (5)ရက်ဖွား၊ ကွန်မျူနစ်ဝါဒရဲ့ ဖခင်ကြီး ကားလ်မတ်ခ် က (5)ရက်ဖွား၊ ဗြိတိသျှ အိမ်ရှေ့စံ ချားလ်မင်းသားက (14)ရက်ဖွားများ ဖြစ်ကြပါတယ်။

ကဲ- ကိုသိန်းဖေရေ။ ကျွန်တော်တို့ရဲ့ တနင်္ဂနွေစကားဝိုင်းလေး ဒီမှာဘဲ အဆုံးသတ်လိုက်ကြရအောင်။ နောက်တစ်ပတ်ကျရင် (6)ဂဏန်း သမားများ အကြောင်းပေါ့ဗျာ။

ကိုသိန်းဖေ။ ။ ကောင်းပါပြီဆရာ။ အခုကို သိခွင့်ရတာကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်လည်း ပြန်လိုက်ပါဦးမယ်။

.

ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေသော်။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

.

Related Posts

1 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

2 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

3 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

4 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

6 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

7 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

8 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

9 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

Share

23 comments on “# (5)ဂဏန်းသမားများ အကြောင်း တစေ့တစောင်း

  1. yin yin cho on said:

    ဆရာ… ကျွန်မက 14.9.1978 မှာမွေးတာပါ။ အထက်မှာ ဆရာပြောတဲ့ Current of Destiny ဆိုတဲ့ မွေးခုနှစ် မကောင်းရင် ဥပစ္ဆေဒကံ ရှိသူများဖြစ်တယ်… ဆိုတာကို ရှင်းပြပေးပါလား ဆရာ… ကျွန်မနားမလည်တာက မွေးခုနှစ် ကောင်း မကောင်း ဘယ်လိုသိနိုင်မလဲ ဆရာ… ကျေးဇူးပြုပြီး ဖြေကြားစေချင်ပါတယ်…

    လေးစားစွာဖြင့်..

  2. Thi Thi Han on said:

    Mingalar par..
    My name is Thi Thi han par..my birthday is (14.10.1983).
    i also want to know my fortune.
    pls……

    Sincerely

    TTH

  3. dr.tin bo bo on said:

    မသီသီဟန် သို့
    မေးစရာ ရှိရင် အမေး/အဖြေ ကဏ္ဍထဲမှာ ၀င်မေးပါ။ ပြီးတော့ my fortune ဆိုတဲ့ အနာဂါတ်တစ်ခုလုံး အဟောမျိုး ဟောဖို့ ဆရာ့မှာ အချိန်မပေးနိုင်ပါဘူးကွယ်။ သိချင်တဲ့ မေးခွန်း တစ်ခု နှစ်ခုမျိုးဘဲ တိတိကျကျလေး မေးပါ။

  4. ဒေါက်တာတင်ဗိုလ်ဗိုလ် on said:

    မရင်ရင်ချို သို့

    Current of Destiny နဲ့ ဥပစ္ဆေဒကံ အကြောင်းကို နောက်ဆောင်းပါးတွေမှာ ဖတ်ရပါမယ်။ အခုလောလောဆယ်ပြောရရင် မရင်ရင်ချိုမှာ ဥပစ္ဆေဒကံ မရှိပါဘူး။ စိတ်အေးအေးနေပါ။

  5. Phyu Phyu Kyaing on said:

    ဆရာရှင့်
    သမီးရဲ့ မွေးနေ့က (14.2.1980)ဖြစ်ပါတယ်။ မြန်မာလိုဆိုရင်လည်း 1340ခုနှစ်၊ တပို့တွဲလပြည့်ကျော်(14)ရက်ဖြစ်ပါတယ်။ ကြာသပတေးသမီးပါ။
    သမီးရဲ့ lucky number ကလည်း (5)ဂဏန်းဖြစ်ပါတယ်ရှင့်။
    မရင်ရင်ချိုမေးသလိုပဲ မွေးခုနှစ် မကောင်းရင် ဥပစ္ဆေဒကံ ရှိတယ်ဆိုတာကို
    သမီးသိချင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။
    လေးစားမှုဖြင့်……..

  6. ဆရာရှင့်
    သမီးရဲ့ မွေးနေ့က (14.2.1980)ဖြစ်ပါတယ်။ မြန်မာလိုဆိုရင်လည်း 1341ခုနှစ်၊ တပို့တွဲလပြည့်ကျော်(14)ရက်ဖြစ်ပါတယ်။ ကြာသပတေးသမီးပါ။
    သမီးရဲ့ lucky number ကလည်း (5)ဂဏန်းဖြစ်ပါတယ်ရှင့်။
    သမီးနာမည်က နောက်က တင်္နလာနဲ့ ဆုံးပါတယ်။
    မရင်ရင်ချိုမေးသလိုပဲ မွေးခုနှစ် မကောင်းရင် ဥပစ္ဆေဒကံ ရှိတယ်ဆိုတာကို
    သမီးသိချင်ပါတယ်။ ပြီးတော့ ဒီနှစ်အတွင်းမှာ ရာထူးတိုးကိန်း ရှိသလားဆိုတာကို ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။
    လေးစားမှုဖြင့်……..

  7. aungnaingsoe on said:

    ဆရာခင်ဗျား ကျနော့်သူငယ်ချင်းကလေးက စနေသမီးလေးဖြစ်ပါသည်
    သူအတွက် နေ့သင့်နံသင့်ကလေးနာမည်လေးကို ဘယ်မှာရွေးရမယ်မသိဘူးဖြစ်နေလို့ပါ ကျေးဇူးပြု၍ ပြန်လည်ဖြေကြားပေးစေလိုပါတယ်ခင်ဗျား
    နာမည်များများလေးရေးပေးစေလိုပါတယ်ခင်ဗျား
    ကျေးဇူးတင်ပါလျှက်
    ကိုကိုအောင်

  8. Dr.Tin Bo Bo on said:

    ရင်သွေး အမည်ပေးလိုလျှင် ဖုန်းနံပါတ် 01-228665၊ 01-723102 များကို ဆက်သွယ် စာရင်းပေးပြီး မေးမြန်းနိုင်ပါတယ်။ ဒီဘလောဂ့်ထဲမှာတော့ နာမည်မှည့်မပေးပါ။ နောက်ပြီး “နာမည်ပေးခြင်း” ဟာ မိမိရဲ့ ပင်မ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်နေလို့ အခကြေးငွေ ယူပါတယ်။ Free မှည့်မပေးပါ။ ဒါပေမယ့် (ငွေကြေးမတတ်နိုင်ရင်) တော့ ပြောပါ။ ဒါဆိုရင်တော့ အလကား မှည့်ပေးပါမယ်။

  9. ကိုမင်း on said:

    ဆရာခင်ဗျား

    ကျတော်က ၂၃ရက်ဖွား အင်္ဂါသား၊၂ကြွင်းပါ။ချစ်သူကတော.၂၄ရက်ဖွား စနေ၊၀ကြွင်းပါ။ကျတော်တို.ရဲ.အနာဂတ်ကောင်းမကောင်းညွန်ကြားပေးပါခဗျ။
    ကျေးဇူးတင်ပါတယ်။

  10. Dr.Tin Bo Bo on said:

    မဖြူဖြူကြိုင် သို့

    14.2.1980 နေ့မွေးသူဖြစ်ရင်တော့ ဥပစ္ဆေဒကလို့ မခေါ်နိုင်ပေမယ့် မတော်တဆထိခိုက်မှု၊ သဘာဝဘေးအန္တရာယ်၊ ယာဉ်ကား မတော်တဆမှု၊ ခွဲစိတ်ကုသ ခံရမှု တွေရှိနိုင်တယ်။ ဒါပေမယ့် အားပျော့တဲ့ အတွက် သိပ်မစိုးရိမ်ရပါဘူး။ ဆရာတို့လည်း ဒီလောက်တော့ ပါတာဘဲလေ။ ဒီနှစ်ထဲ ရာထူးတိုးကိန်းအတွက်ကတော့ “အမေး/အဖြေ” ကဏ္ဍထဲမှာ ၀င်မေးပေးပါ။

  11. zaw zaw latt on said:

    ဆရာခင်ဗျာ
    ကျွန်တော်က(14.2.1981)ဖွားစနေသားပါ ချစ်သူကတော့ (1-3-1975)ဖွားစနေသမီးပါ။ ကျွန်တော်တို့ရဲ့ အနာဂတ်ကောင်းမကောင်းသိချင်ပါတယ်ခင်ဗျာ………
    ကျေးဇူးတင်ပါတယ်…

  12. Dr.Tin Bo Bo on said:

    ကိုဇော်ဇော်လတ် ခင်ဗျား

    စည်းကမ်းချက်လုပ်ထားလို့ အမေး/အဖြေ ကဏ္ဍထဲမှာ ၀င်မေးပေးပါ။

  13.ုခိုင်ခိုင် on said:

    မင်္ဂလာပါ ဆရာရှင့်
    သမီးအမျိုးသားက 23.4.1976 သောကြာနေ့ မှာ မွေးတာပါ…….
    သိချင်တဲ့ မေးခွန်းလေးတစ်ခုလောက်ကို ကျေးဇူးပြုပြီး ဖြေပေးပါလို့တောင်းဆိုအပ်ပါတယ်ရှင့်။
    ဒီနှစ်စီးပွားရေးအခြေအနေ ကောင်း၊မကောင်းနဲ့ဘယ်လုပ်ငန်းနဲ့အကျိုး
    ပေးမယ်ဆိုတာ သိချင်လို့ပါ၇ှင့်။
    လေးစားစွာဖြင့်။

  14. Dr.Tin Bo Bo on said:

    ဗေဒင်မေးခြင်းများကို အမေး/အဖြေ ကဏ္ဍထဲမှလွဲ၍ ဤနေရာတွင် ဖြေမပေးပါ။ ဒါပေမယ့် အမေး/အဖြေ ကဏ္ဍ ကလည်း လူအလွန်များနေလို့ ယခု ခဏပိတ်ထားပါတယ်။
    ဒါကြောင့် ယခုမေးခွန်းများကို အမေး/အဖြေ ကဏ္ဍ ပြန်လည်ဖွင့်လှစ်မှ ထိုအထဲတွင် “စည်းကမ်းချက်များ” ကို သေချာစွာဖတ်ပြီး ပြန်မေးပေးပါရန်။

  15. poantpoantaye on said:

    i want to know
    i should marry whom?
    i want to get rich it is possible?
    my birthday is 14 12 1978

  16. maymon on said:

    ဆရာ သချာင်္ဗေဒမှာ 4, 3 , ကိုရှာလို့မတွေ့ဘူးဖြစ်နေတယ်။အရင်တုန်းက Search box မှာရိုက်လိုက်ရင်ပေါ်တယ်။အခု Search box မတွေ့ဘူးဖြစ်နေတယ်။
    (ဒီလို ကဏ္ဍတွေ ခွဲထားပါတယ်)မှာလဲရှာသေးတယ်မတွေ့ဘူး။
    ကျွန်မပဲညံ့လို့လားမသိဘူး။ကူညီပါအုံး။ (လေးစားစွာဖြင့်)

  17. maymon on said:

    ဆောရီဆရာရေး။ ရေးပြီးခဲ့သမျှဆောင်းပါးများမှာရှာလိုက်တာတွေ့သွားပါပြီး။
    ကျေးဇူးပဲနော်ဆရာ၊ကျွန်မရှန်သွားတယ်။
    လေးစွာလျှက်

  18. wintwarwaraung on said:

    သမီးက(၂၃.၆.၈၆)မှာမွေးတာပါ။တိုးတက်ချင်စိတ်ကတော.အမြဲရှိပါတယ်။ထက်ထက်မြက်မြက်နဲ.ကိုယ်.အားကိုကိုးနိုင်တဲ.သူတစ်ယောက်ဖြစ်ချင်ပါတယ်။၂၃ဂဏန်းဖွားတွေဟာပျော.ညံပါသလားဆရာ………။အောင်မြင်ကျော်ကြားတဲ.သူဖြစ်နိုင်ပါသလား………။ကျေးဇူးပြု၍ဖြေကြားပေးပါရှင် …………..။

  19. မေလ၀န်း on said:

    ဆရာ
    သမီးက ၅.၅.၁၉၈၅ တနင်္ဂနွေနေ့မှာမွေးတာပါ။ သမီးမွေးတဲ့ခုနစ်ဂဏန်းမှာ ဥပစ္ဆေဒကံ ပါမပါသိချင်ပါတယ်ရှင့်။ ကျေးဇူးပြုပြီးဖြေကြားပေးပါ။
    လေးစားစွာဖြင့်

  20. Dr.Tin Bo Bo on said:

    5.5.1985 မွေးတာဆိုရင် ဥပစ္ဆေဒကကံ လုံးဝ(လုံးဝ) မပါပါ။ အသေအချာပါဘဲ။

  21. ၀င်းဝင်းချို on said:

    ဆရာ
    သမီးက 23.8.1989 ဗုဒ္ဒဟူးနေ့မှာမွေးတာပါ။ သမီးမွေးတဲ့ခုနစ်ဂဏန်းမှာ ဥပစ္ဆေဒကံ ပါမပါသိချင်ပါတယ်ရှင့်။ ကျေးဇူးပြုပြီးဖြေကြားပေးပါ။
    လေးစားစွာဖြင့်

  22. Dr.Tin Bo Bo on said:

    ဒီနေ့မှာ မွေးတဲ့သူများကတော့ ဥပစ္ဆေဒကံမျိုးတော့ မပါပေမယ့် အသေးစား ထိခိုက်ရှနာ သွေးထွက်သံယိုမှု ၊ ခွဲစိတ်ကုသခံရမှုမျိုးတော့ ရှိနိုင်တယ်။ စိတ်ပူရန် မလိုပါ။

  23. le le mar on said:

    my mane is le le mar
    DOB .17-4-1963
    pls look my future

    Thank a lot saya

    Ma le

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Reports to my Friends !

မြန်မာနှစ်ဆန်း(၁)ရက်နေ့ မှ စ၍ မြန်မာပြည်သူပြည်သားအားလုံး ဘေးခပ်သိမ်းရန်ခပ်သိမ်း ကင်းငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေသော်

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ