ကမ္ဘာပေါ်မှာ တရုတ်လူမျိုးတွေနဲ့ အိန္ဒိယလူမျိုး (ဟိန္ဒူ) တွေဟာ အိမ်ထောင်ကွဲမှု အနည်းဆုံးဘဲတဲ့။ (ဟို တုန်းကပါ၊ လွန်ခဲ့တဲ့ အနှစ် (၅ဝ) ဟိုဘက်လောက်ကပါ) အခုတော့ သူတို့လည်း ကမ္ဘာနဲ့အမှီရင်ဘောင်တန်း လာကြပါပြီ။ အိမ်ထောင်ကွဲမှု တွေများလာကြပါပြီ။

ဟိုတုန်းက ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးဖြစ်တဲ့ အဓိကလူမျိုးကြီး (၂) ခုမှာ အိမ်ထောင်ကွဲမှု ဘာကြောင့် ဒီလောက် နည်းရတာလည်းဆိုတာကို လေ့လာ ကြည့်တော့ သူတို့ လူမျိုးတွေမှာ အိမ်ထောင်ပြုပြီဆိုရင် “သေတပန် သက်တဆုံး” ပေါင်းသင်းသွားကြရမယ်ဆိုတဲ့ အသိတရားကို ကိုယ့်လူမျိုးရဲ့ ဓလေ့ထုံးတမ်း တစ်ခုအဖြစ် နက်နက်ရှိုင်းရှိုင်း ခံယူခဲ့ ကြတာက အဓိကကျတဲ့ အကြောင်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။

ဒီထက်ပိုပြီး နောက်ကွယ်ကနေ အဓိကကျတဲ့ အကြောင်းတစ်ခုကလည်း ရှိပါသေးတယ်။ အဲဒါကတော့ သူတို့ လူမျိုးကြီး (၂) မျိုးဟာ အိမ်ထောင်ပြုတဲ့ နေရာမှာ ယောင်္ကျားလေးနဲ့ မိန်းကလေး ဇာတာခြင်း တိုင်ဆိုင်ကြည့်ပြီး “တည့်တယ်” ဆိုမှ အိမ်ထောင်ချပေးလေ့ရှိကြတာ အတော်များပါတယ်။ တရုတ် လူမျိုးတွေဆိုရင် သူတို့မွေးဖွားတဲ့နှစ် အပေါ်မှာ မူတည်ပြီး ကျားနှစ်၊ နွားနှစ်၊ နဂါးနှစ်၊ မြွေနှစ်၊ ဆိတ်နှစ် စသည်ဖြင့် ရှိကြပါတယ်။

မြန်မာလူမျိုးတွေ ကိုယ့်ကိုယ်ကို ငါဘာနေ့သားလဲဆိုတာ မြန်မာတိုင်း သိကြသလို၊ တရုတ်လူမျိုးတွေဟာလည်း ငါ ဘာအကောင်ဖွားဆိုတာ တရုတ်တိုင်း သိကြပါတယ်။ တရုတ်လူမျိုးတွေဟာ ကိုယ့်သားသမီးကို အိမ်ထောင်ချ ပေးတော့မယ် ဆိုတာနဲ့ တစ်ဖက်က ယောင်္ကျား လေး(သို့) မိန်းကလေးဟာ ဘာအကောင်ဖွားလည်း ဆိုတာကို အရင်ဆုံး လေ့လာကြပါတယ်။ အကောင်ခြင်းမတည့်လို့ ကတော့ ပေးစား တယ်ဆိုတာ ဟိုဘက်ခေတ်တွေတုန်းက မရှိသလောက် ပါဘဲ။ အနည်းဆုံး တရုပ်မိဘ (၉ဝ) % လောက်ကတော့ မိန်းကလေးနဲ့ ယောင်္ကျားလေး အကောင်ခြင်း တည့်/မတည့် မှုအပေါ်မှာ မူတည်ပြီး အိမ်ထောင်ချ ပေးလေ့ရှိကြပါတယ်။

အိန္ဒိယလူမျိုးကျပြန်တော့လည်း ဗေဒင်နက္ခတ်ပညာ အလွန်ထွန်းကားတဲ့ နိုင်ငံဖြစ်လို့ လူတိုင်းဟာ မွေးဖွား လာကြတာနဲ့ ဇာတာတစ်စောင်စီတော့ ရှိကြပါတယ်။ အိမ်ထောင်ပြုကြတော့မယ်ဆိုတာနဲ့ ဗေဒင်ဆရာဆီကို သွားပြီး သတို့သားလောင်း နဲ့ သတို့သမီးလောင်းတို့ ဇာတာခြင်း တိုက်ကြည့် ကြပါတော့မယ်။ အိန္ဒိယလူမျိုးတွေ အဓိက သုံးကြတာတော့ “စန်းယှဉ်နက္ခတ်” ကို အသုံးများပါတယ်။ မြန်မာနိုင်ငံမှာတော့ “လူနက္ခတ်၊ နတ်နက္ခတ်၊ ဘီလူးနက္ခတ်” ဆိုပြီး လူသိများပါတယ်။ များသောအားဖြင့် နက္ခတ်ခြင်း သင့်မြတ်ရင်ပေးစားလိုက်ကြတာများပေမယ့် အချို့အလွန်အမင်း အယူသည်းတဲ့ လူစားမျိုးကျပြန်တော့လည်း ဇာတာနှစ်ခုလုံးမှာ အိမ်ထောင်သာယာချမ်းမြေ့မှု၊ စီးပွားရေး ကံကောင်း/မကောင်း၊ အိုမင်းသည်အထိ ပေါင်းဖက် နိုင်မှုရှိ/မရှိက အစ အသေးစိတ်လေ့လာခိုင်းပြီး စိတ်တိုင်းကျမှ ပေးစားကြပါတယ်။

မြန်မာလူမျိုးတွေမှာကော ကိုယ်ပိုင်နည်းစနစ်ရယ်လို့ ရှိပါသလား။ ရှိရင်ကော ယုံကြည်လိုက်နာမှု ရှိပါရဲ့လား။ ကျွန်တော်လေ့လာကြည့်ပါတယ်။ မြန်မာလူမျိုးတွေမှာ ကိုယ်ပိုင်နည်းစနစ်ဆိုတာ ရှိပါတယ်။ ဒါပေမယ့် ယုံကြည်မှုနဲ့ လိုက်နာမှုကတော့ အလွန်နည်းပါတယ်။ ဒါဆိုရင် မြန်မာလူမျိုးတွေက ဗေဒင်ပညာကို ယုံကြည်မှု နည်းကြလို့လားလို့ မေးခွန်းထုတ်လေ့လာကြည့်တော့လည်း ဗေဒင်ပညာအပေါ်မှာ ယုံကြည်မှုတော့ တစ်ခြားလူမျိုးထက်စာရင် မနည်းလှပါဘူး ။ ဒါပေမယ့် အိမ်ထောင်ချမယ်ဆိုရင် ဇာတာခြင်းတိုက်ဆိုင်မှုကတော့ မြန်မာလူမျိုးတွေမှာ အင်မတန်နည်းပါတယ်။

လူနက္ခတ်၊ နတ်နက္ခတ်၊ ဘီလူးနက္ခတ် နဲ့ရွေးတာဟာ မြန်မာ့မူ အစစ်မဟုတ်ပါဘူး။ အိန္ဒိယနည်းစနစ်ပါ။ ဒီနည်းစနစ်မှာလည်း နက္ခတ်ယူဆပုံတွေမှာ မူကွဲတွေ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့မြန်မာ့မူ ၊ မြန်မာနည်းစနစ် အစစ်ကတော့ “မဟာဘုတ်ပညာနဲ့အိမ်ထောင်ဘက်ရွေးချယ်ခြင်း” ပါဘဲ။ မဟာဘုတ်ပညာကို ဗေဒင်အဟောပိုင်းပညာမှာ သာ အသုံးပြုပြီး အိမ်ထောင်ဘက်ရွေးချယ်မှုဘက်မှာတော့ မသုံးသလောက်ပါဘဲ။

တိမ်မြုတ်နေတဲ့ “မဟာဘုတ်နဲ့ အိမ်ထောင်ရေးပညာ” ကို ဒီဘက်ခေတ်မှာ ပြန်လည် ဖော်ထုတ်ခဲ့သူကတော့ မြန်မာ့ရိုးရာဗေဒင်ပညာတွေနဲ့ ပတ်သက်လာရင် ကျေးဇူးအများဆုံးလို့ ဆိုရမယ့် “ဆရာဒဂုန်” ခေါ် “ဒေါက်တာဒဂုန်” ပါဘဲ။ သူဟာ တိမ်မြုတ်ပျောက်ကွယ်နေတဲ့ မြန်မာ့နည်း၊ မြန်မာ့ပညာတွေကို အများဆုံးဖော်ထုတ်ခဲ့တဲ့သူတစ်ဦးပါ။

ကျွန်တော်တို့တစ်တွေကတော့ သူဖေါ်ထုတ်ခဲ့တဲ့ ပညာရပ်တွေအပေါ်မှာ ပြန်လည် ဆင့်ပွားပြီး သုတေသနပြု ချဲ့ထွင်ရပါတယ်။ ကျွန်တော်ဟာ အိမ်ထောင်ရေး နဲ့ မဟာဘုတ်ပညာကို ဆရာဒဂုန် ဖော်ထုတ်ရေးသားမှုအပေါ်မှာ ပြန်လည် တိုးချဲ့လေ့လာ ကြည့်တဲ့အခါမှာ မဟာဘုတ်ဟာ အိမ်ထောင်ရေးမှာ တော်တော်လေးကို အရေးပါပြီး မှန်ကန်မှုများတဲ့ နည်းစနစ်ဖြစ်နေတာကို တွေ့ရပါတယ်။ တစ်ချိန်တုန်းကတော့ K.P စာအုပ်တွေကို လက်မှာကိုင်ပြီး “မဟာဘုတ်၊ မဟုတ်ပါ” လို့ ရှုတ်ချပြောဆို ခဲ့တဲ့ကျွန်တော်ဟာ အခုအချိန်မှာတော့ မဟာဘုတ်ကို လေးလေးစားစား လေ့လာ နေရပါပြီ။ နိဒါန်းတွေက အတော်ရှည်လျား သွားပြီ ထင်ပါတယ်။ ကဲ – မဟာဘုတ်နဲ့ အိမ်ထောင်ရေးအကြောင်းကို စလိုက်ကြ စို့ရဲ့။

.

ကျွန်တော့်ရဲ့ ရှေ့က ဆောင်းပါးတွေမှာ ကိုယ့်ရဲ့ မဟာဘုတ်အဖွားတွေကို ကိုယ်တိုင်တွက်ယူတဲ့ နည်းတွေကို ဖော်ပြခဲ့ပါပြီ။ “ပုတိ၊ ဘင်္ဂ၊ မရဏ” ဆောင်းပါးတွေမှာ ဖတ်ကြည့်ပါ။ ကိုယ့်ရဲ့ မဟာဘုတ်ခွင်ကို ရပြီဆိုရင် မဟာဘုတ်ခွင်မှာ ရှိတဲ့ ပုတိ၊ ဘင်္ဂ၊ မရဏ နဲ့ အဓိပတိ ဆိုတဲ့ နေ့သားတွေဟာ ရှောင်ရမယ့် နေ့သားတွေပါ။ ဥပမာ (၁)ကြွင်းသမား တစ်ဦးဟာ ကိုယ့် မဟာဘုတ်ခွင်မှာ “ပုတိ၊ ဘင်္ဂ၊ မရဏ နဲ့ အဓိပတိ” ကျနေတဲ့ နေ့သားတွေဖြစ်တဲ့ တနင်္လာသားသမီး၊ တနင်္ဂနွေသားသမီး၊ ဗုဒ္ဓဟူး နဲ့ ကြာသပတေး သားသမီးတွေနဲ့ လက်ထပ်မယ်ဆိုရင် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်တတ်ပါတယ်။ အိမ်ထောင်မမြဲ ဖြစ်တတ်ပါတယ်။ သာယာချမ်းမြေ့မှု နည်းတတ်ပါတယ်။

အကြမ်းအားဖြင့် ပြောရရင်တော့ “ပုတိသားသမီး” ဆိုရင် သဝန်အလွန်တိုတတ်ပါတယ်။ ကိုယ့် မိဘဆွေမျိုး တွေနဲ့ မဆင်မပြေ တတ်ပါဘူး။ သူလုပ်ချင်ရာလုပ်တဲ့ လူစားမျိုးပါ။ အိမ်ထောင်ဘက်နဲ့ ညှိနှိုင်းလို့ မရတတ်ပါဘူး။

.

“ဘင်္ဂသားသမီး” ဆိုရင်တော့ အိမ်ထောင်ပြုပြီးတာနဲ့ ငါအိမ်ထောင်ပြုတာ မှားသွားပြီလို့ နောင်တရစေမယ့် အိမ်ထောင်ဘက်မျိုး ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ငရဲကျတာနဲ့ တူတဲ့ အိမ်ထောင်ရေးမျိုးလို့ ဆိုပါတယ်။

.

“မရဏသားသမီး” ဆိုရင်တော့ ဆတ်ဆတ်ထိ မခံဘဲ ဘာမဟုတ်တာလေးနဲ့ ပြဿနာဖြစ်တတ်တဲ့ အိမ်ထောင်ရေးမျိုး ဖြစ်မယ်လို့ ဆိုပါတယ်။ ယောင်္ကျားဆိုရင် အလွန်ဒေါသ ကြီးတတ်ပြီး မိန်းမဆိုရင်တော့ အမြဲတန်း စိတ်ကောက် နေတတ်မယ်တဲ့။ ဒါပေမယ့် ကိုယ့်အိမ်ထောင်ဘက် အပေါ်မှာတော့ အမှန်တကယ် ချစ်မြတ်နိုးကြ သူများ ဖြစ်ပါတယ်တဲ့။ သိပ်မဆိုးလှဘူးပေါ့။ လေ့လာမိသလောက် ပြောရရင် ကိုယ့်မဟာဘုတ်ထဲက မရဏနေ့သားသမီးများဟာ ထင်သလောက် မဆိုးကြပါဘူး။ အိမ်ထောင် မြဲတတ်ကြပါတယ်။ ဒါပေမယ့် ခဏခဏ ကတောက်ကဆဖြစ်တတ်တယ်။

.

“အဓိပတိသားသမီး” ဆိုရင်တော့ ကိုယ့်အပေါ်မှာ အနိုင်ယူတတ်တဲ့၊ မလေးစားတဲ့ အိမ်ထောင်ဘက်မျိုးဖြစ်တတ် တယ်လို့ ဆိုပါတယ်။ နောက်ဆုံး ကိုယ်ဟာ သူ့သြဇာခံသာ ဖြစ်သွားတတ်ပါတယ်တဲ့။ လုပ်ချင်တာလုပ်တာကို ထိုင်ကြည့် နေရတဲ့ အဖြစ်မျိုးရောက်ရတတ်တယ်ဆိုပါတယ်။

.

ဒါပေမယ့် ချွင်းချက်တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ကိုယ့်ရဲ့မဟာဘုတ်မှာ ကိုယ်ကိုယ်တိုင်ကလည်း ပုတိ၊ ဘင်္ဂ၊ မရဏ နေ့သားသမီး ဖြစ်နေပြီး အိမ်ထောင်ဘက်နေ့နံကလည်း(ကိုယ့်မဟာဘုတ်ထဲမှာ) ပုတိ၊ ဘင်္ဂ၊ မရဏ ဘဲဖြစ်နေရင်လည်း အိမ်ထောင်ပြုလို့ရတယ် လို့ ဆိုကြပါတယ်။

ဒါကို လက်တွေ့သုတေသနပြုကြည့်တော့လည်း အမှန် များပါတယ်။ ဥပမာ- (၁)ကြွင်းဖွား မဟာဘုတ် ခွင်မှာ မွေးတဲ့ ဗုဒ္ဓဟူးသားသမီးဟာ ကိုယ်တိုင်က “မရဏ” သားသမီးဖြစ်လို့ သူ့မဟာဘုတ်ခွင်ထဲက တနင်္ဂနွေသားသမီး နဲ့ လက်ထပ်မယ် ဆိုရင် အိမ်ထောင်မြဲတတ်ပါတယ်တဲ့။

(အထူးသဖြင့် နေ့သားသမီး အခြင်းခြင်း “ရန်ဘက်ကျ” နေရင် ပိုပြီးကောင်းတာကို တွေ့ရပါတယ်။ ရန်ဘက်ကျတယ်ဆို “ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ” ဆိုတဲ့ လင်္ကာအတိုင်း “စနေနဲ့ကြာသပတေး၊ သောကြာနဲ့ တနင်္လင်္ာ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး၊ ရာဟုနဲ့အင်္ဂါ” ဆိုတဲ့ နေ့သားသမီးခြင်းလည်းဖြစ်၊ မဟာဘုတ်မှာလည်း ပုတိ၊ဘင်္ဂ၊ မရဏဖြစ်ရင် အိမ်ထောင်ရေး ခိုင်မြဲတတ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် “ဘင်္ဂ” နဲ့ “ဘင်္ဂ” ခြင်းတော့ မရပါဘူး။ “ပက္ခတ်” မိတာကြောင့်ဖြစ်ပါတယ်။ “ပက္ခတ်” အကြောင်းကို ရှေ့မှာ ဆက်ဖတ်ကြည့်ပါ။

ကိုယ့်မဟာဘုတ်ခွင်ထဲက ကျန်တဲ့ “အထွန်း၊ သိုက် နဲ့ ရာဇ” ဖွားတွေကတော့ ယေဘူယျအားဖြင့် ကောင်းတယ် လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီး အရေးကြီးတဲ့ အကြောင်းတစ်ခု ရှိပါသေးတယ်။

အဲဒါကတော့ ကိုယ့်နဲ့ “ပက္ခတ်” ကျနေတဲ့ နေ့သားသမီးဆိုရင် ရှောင်ကျဉ်ရပါမယ်။ “ပက္ခတ်” ကျတာ နှစ်မျိုး နှစ်စား ရှိပါတယ်။

(၁) မိန်းကလေးတစ်ဦးနဲ့ ယောင်္ကျားလေးတစ်ဦးဟာ ဘာအကြွင်းတွေဘဲဖြစ်ဖြစ်၊ ဘာနေ့သားသမီး တွေဘဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်ဟာ -

တစ်ယောက်က ဘင်္ဂဖွား နဲ့ တစ်ယောက်က ဘင်္ဂဖွား ခြင်းတူနေရင်

တစ်ယောက်က မရဏဖွား နဲ့ တစ်ယောက်က အဓိပတိဖွား ဖြစ်နေရင်

တစ်ယောက်က အထွန်းဖွား နဲ့ တစ်ယောက်က ပုတိဖွား ဖြစ်နေရင်

တစ်ယောက်က သိုက်ဖွား နဲ့ တစ်ယောက်က ရာဇဖွား ဖြစ်နေကြရင် -

တစ်ဦးနဲ့ တစ်ဦး မွေးနံခြင်း “ပက္ခတ်” ကျနေကြတဲ့အတွက် အိမ်ထောင် သာယာ ချမ်းမြေ့မှုကို နည်းပါးစေပြီး အဆင် မသင့်ရင် အိမ်ထောင်ကွဲပျက်တာအထိ ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ “ဥဿာ၊ စိန်ပန်း၊ ဒါန်းလှ၊ ကိုရှာ” ဆိုတဲ့ မိတ်ဘဲဖြစ်ဖြစ်” “အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း” ဆိုတဲ့ မိတ်ဘဲဖြစ်ဖြစ်၊ ဖြစ်ချင်ရာဖြစ် အထောက်အကူမပေးနိုင်ပါဘူး။ “ပက္ခတ်” ဟာ အိမ်ထောင်ရေးမှာ အတော်လေး ဒုက္ခ ပေးနိုင်ပါ တယ်။ အိမ်ထောင်ရေးမှ မဟုတ်ပါဘူး။ နာမည်မှည့်ခေါ်တဲ့ နေရာမှာလည်း “ပက္ခတ်” မိနေတဲ့ နာမည်တွေဟာ အိမ်ထောင်ရေးမှာ ဒုက္ခပေးတတ်ပါတယ်။

(၂) ကိုယ့်ရဲ့ မဟာဘုတ်မှာ ကိုယ့်ရဲ့ မွေးနံနဲ့ ပက္ခတ်ကျနေတဲ့ နေ့သားသမီးနဲ့ လက်ထပ်ရင်လည်း “ပက္ခတ်” မိတာပါဘဲ။

.

(၁)ကြွင်းဖွားမှာ

= တနင်္ဂနွေ သားသမီး ဟာ တနင်္ဂနွေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= တနင်္လာ သားသမီး ဟာ စနေသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= အင်္ဂါ သားသမီး ဟာ သောကြာ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= ဗုဒ္ဓဟူး သားသမီးဟာ ကြာသပတေး သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိ ပါတယ်။ ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ ကြာသပတေးဆိုရင် ဗုဒ္ဓဟူးပေါ့။

.

(၂)ကြွင်းဖွားမှာ

= တနင်္လာ သားသမီးဟာ တနင်္လာ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= အင်္ဂါ သားသမီးဟာ တနင်္ဂနွေသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= ဗုဒ္ဓဟူး သားသမီးဟာ စနေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= ကြာသပတေး သားသမီးဟာ သောကြာ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။ ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ သောကြာ ဆိုရင် ကြာသပတေးပေါ့။

.

(၃)ကြွင်းဖွားမှာ

= အင်္ဂါ သားသမီးဟာ အင်္ဂါ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= ဗုဒ္ဓဟူး သားသမီးဟာ တနင်္လာသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= ကြာသပတေး သားသမီးဟာ တနင်္ဂနွေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= သောကြာ သားသမီးဟာ စနေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ စနေ ဆိုရင် သောကြာပေါ့။

.

(၄)ကြွင်းဖွားမှာ

= ဗုဒ္ဓဟူး သားသမီးဟာ ဗုဒ္ဓဟူး သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= ကြာသပတေး သားသမီးဟာ အင်္ဂါသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= သောကြာ သားသမီးဟာ တနင်္လာ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= စနေ သားသမီးဟာ တနင်္ဂနွေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ တနင်္ဂနွေ ဆိုရင် စနေပေါ့။

.

(၅)ကြွင်းဖွားမှာ

= ကြာသပတေး သားသမီးဟာ ကြာသပတေး သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= သောကြာ သားသမီးဟာ ဗုဒ္ဓဟူးသားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= စနေ သားသမီးဟာ အင်္ဂါ သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= တနင်္ဂနွေ သားသမီးဟာ တနင်္လာ သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ် မိပါတယ်။ ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ တနင်္လာ ဆိုရင် တနင်္ဂနွေပေါ့။

.

(၆)ကြွင်းဖွားမှာ

= သောကြာ သားသမီးဟာ သောကြာ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= စနေ သားသမီးဟာ ကြာသပတေးသားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= တနင်္ဂနွေ သားသမီးဟာ ဗုဒ္ဓဟူး သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= တနင်္လာ သားသမီးဟာ အင်္ဂါ သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ အင်္ဂါ ဆိုရင် တနင်္လာပေါ့။

.

(ဝ)ကြွင်းဖွားမှာ

= စနေ သားသမီးဟာ စနေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= တနင်္ဂနွေ သားသမီးဟာ သောကြာသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= တနင်္လာ သားသမီးဟာ ကြာသပတေး သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။

= အင်္ဂါ သားသမီးဟာ ဗုဒ္ဓဟူးသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။

ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ ဗုဒ္ဓဟူး ဆိုရင် အင်္ဂါပေါ့။

ကိုယ့်ရဲ့ မဟာဘုတ် ခွင်ကို ချကြည့်ပြီး ကိုယ့်နေ့နံ နဲ့ သူနေ့နံ ဟာ (ဘင်္ဂ x ဘင်္ဂ) , (ပုတိ x အထွန်း) , (ရာဇ x သိုက်) , (မရဏ x အဓိပတိ) အနေအထားဖြစ်မဖြစ်ကို ကြည့်တာကတော့ သိပ်အခက်အခဲ မရှိလောက်ဘူး ထင်ပါတယ်။ လုပ်ကြည့်ပါ။ ကိုယ့်ရဲ့ မဟာဘုတ် မှာရော၊ သူရဲ့ မဟာဘုတ်မှာပါ “ပက္ခတ်” အနေအထားတွေဖြစ်နေရင် ပိုအားကောင်းပါတယ်။ အားပိုပြင်းပါတယ်။ ကိုယ်တိုင် လုပ်ကြည့်လို့ မရှင်းရင် Comment ထဲမှာ ဝင်မေးပါ။ ဖြေပေးပါမယ်။

နောက်ဆုံး ကိုယ့်ရဲ့ နာမည်ကိုက “ပက္ခတ်” မိနေရင်လည်း အိမ်ထောင်ရေးအဆင်မပြေဖြစ်ခြင်းကို အနည်းနဲ့ အများဆိုသလို ဖြစ်စေနိုင်ပါတယ်။ နာမည် “ပက္ခတ်” မိတယ်ဆိုတာ နာမည်တစ်ခုရဲ့ ရှေ့ဆုံး နေ့နံ နဲ့ နောက်ဆုံးနေ့နံ ဟာ အထက်ကပြောခဲ့တဲ့ (ဘင်္ဂ x ဘင်္ဂ) , (ပုတိ x အထွန်း) , (ရာဇ x သိုက်) , (မရဏ x အဓိပတိ) အနေအထားမျိုး ဖြစ်နေတာပါ။ (၁)ကြွင်းကိုဘဲ ဥပမာထားပြီး ပြောရရင် “အေးအေး” လိုနာမည်မျိုး(ဘင်္ဂ x ဘင်္ဂ)၊ “ယမင်း” လို နာမည်မျိုး (မရဏ x အဓိပတိ)၊ “ခတ္တာ” လိုနာမည်မျိုး(ပုတိ x အထွန်း)၊ “သဉ္ဇာ” လိုနာမည်မျိုး(ရာဇ x သိုက်) တွေဟာ “ပက္ခတ်” မိတဲ့နာမည်တွေဖြစ်နေတဲ့အတွက် အိမ်ထောင်ရေး အဆင်အပြေဖြစ်တတ်ပါတယ်။

ကျန်အကြွင်းတွေလည်း အထက်ပါအနေအထားမျိုး ရှိ/မရှိ လေ့လာကြည့်ပါ။ မခက်ပါဘူး။ သေသေချာချာဖတ် ကြည့်ရင် နားလည်သွားပါမယ်။

နောက်ဆုံးတစ်ခု အိမ်ထောင်ရေး အဆင်မပြေဖြစ်စေတဲ့ အကြောင်းကတော့ ” အင်္ဂါဂြိုဟ် နဲ့ အိမ်ထောင်ရေး” ဆောင်းပါးမှာ ပါတဲ့ ယောင်္ကျားလေးရဲ့ မဟာဘုတ်က သောကြာ (သို့) အင်္ဂါ နဲ့ မိန်းကလေးရဲ့ မဟာဘုတ်က အင်္ဂါ (သို့) သောကြာနဲ့ ထပ်တဲ့သူနှစ်ဦး လက်ထပ်ကြမယ်ဆိုရင် အင်္ဂါဒေါသ သင့်ပြီး အိမ်ထောင်ရေးကံ မကောင်းတတ်ပါ။ အိမ်ထောင်ကွဲတတ်ပါတယ်။ ဒီအကြောင်းကို သိချင်ရင် အဲဒီဆောင်းပါးကို ပြန်ဖတ်ကြည့်ပါ။

နောက်ဆုံးပြောချင်တာကတော့ မဟာဘုတ်ပညာဟာ လွယ်ကူတယ်၊ ရိုးရှင်းတယ်၊ အထင်ကြီးစရာ မရှိဘူး။ ဒါပေမယ့် နက်နက်နဲနဲလေ့လာကြည့်ရင် အမှန်များတယ်။ မြန်မာရိုးရာပညာစစ်စစ်ဖြစ်လို့ တန်ဖိုးလည်းထားသင့်ပါတယ်။ ဒီ မဟာဘုတ် နဲ့ အိမ်ထောင်ရေး ဆောင်းပါးဟာ အိမ်ထောင်ကွဲသူ၊ အိမ်ထောင်ရေး အဆင်အပြေသူများစွာကို လေ့လာ ကြည့်ပြီးမှ ရေးတာဖြစ်လို့ အိမ်ထောင်ပြုတဲ့နေရာမှာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ဒီနည်းစနစ်ကလေးနဲ့ ရွေးချယ်ကြည့်မယ် ဆိုရင် အိမ်ထောင်သာယာရေးကို အထောက်အကူများစွာဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

Share

13 comments on “# မဟာဘုတ်ပညာ၊ ပက္ခတ် နဲ့ အိမ်ထောင်ရေး

  1. မောင်အောင်သက်နိုင်ထွန်း on said:

    ဆရာကြီး ခင်ဗျာ-
    ကျွန်တော့်ရဲ့ သမီးလေးဟာ(၂၀.၃.၂၀၀၇)ရက်နေ့ ညနေ(၄)နာရီ မီနစ်(၂၀)မှာမွေးတဲ့ အင်္ဂါသမီးဖြစ်ပါတယ်။ လောလောဆယ် အမည်ကတော့ မခင်စံပယ်လွင် လို့ ပေးထားပါတယ်။ အဲဒါ အမည်ကောင်း/မကောင်းနဲ့ သင့်တော်မည့် အမည်လေးရွေးပေးစေချင်ပါတယ် ခင်ဗျာ။
    ရိုသေလေးစားစွာဖြင့်

  2. Dr.Tin Bo Bo on said:

    ကိုအောင်သက်နိုင်ထွန်း သို့

    ဆရာကြီးမဟုတ်ပါ။ အခုအချိန်ထိ လေ့လာနေဆဲ သုတေသီတစ်ဦးသာ ဖြစ်ပါတယ်။ အင်္ဂါသမီးကို တနင်္လာလာ အစ, ဗုဒ္ဓဟူး အဆုံးပေးတာ “အမြစ်+အညွန့်” နာမည်ပေးနည်း ဖြစ်ပေမယ့် အခြေခံကျတဲ့ မဟာဘုတ်မှာ (၃)ကြွင်းဖွားဖြစ်လို့ နာမည်က “ပက္ခတ်” မိနေပါတယ်။ အထွန်း+ပုတိ ပက္ခတ်ဖြစ်လို့ အလွန်ဆိုးဝါးတဲ့ ပက္ခတ်ပါ။ Accident တွေ ဖြစ်တတ်ပါတယ်။ နာမည်အသစ်ရွေးတာကိုတော့ ၀က်ဆိုဒ်ပေါ်မှာ လုပ်မပေးပါခင်ဗျား။ ရုံးဖုန်းနံပါတ် ၀၁-၂၂၈၆၆၅ ကို ဆက်သွယ် စုံစမ်းစာရင်းပေးလိုက်ပါခင်ဗျား။

  3. ဆရာ
    ၀ ကြွင်းသမား တနင်္လာသမီးဆိုတော့ ပုတိ၊ ဘင်္ဂ၊ မရဏ နဲ့ အဓိပတိတွေရှောင်။ ကြာသပတေးကလည်းပက္ခတ်ကျလို့ရှောင်။ အထွန်းကျတော့လည်း သောကမို့လို့ရှောင်ရမယ်ဆိုတော့ တနင်္လာသားပဲရှာယူရမှာလားဟင်။ ကြာသပတေးကကိုယ့်မဟာဘုတ်မှာ ပက္ခတ်မိပေမယ့် သူ့မဟာဘုတ်ကြတော့ ပက္ခတ်မမိရင်ရော…..နည်းနည်းသင်ပေးပါဆရာ။

  4. phyoe htut oo on said:

    ဆရာ.. တခုလောက်မေးချင်လို့ပါ…ကျွန်တော့် နာမည် က ဖြိုးထွဋ်ဦး ပါ.. မွေးနေ့ က ၁၉၈၅ အောက်တိုဘာလ ၂၂ ရက် နေ့ဖွားပါ..အင်္ဂါသား ဘင်္ဂ ဖွားပါ..
    ကျွန်တော် လက်ထပ်မဲ့ ကောင်မလေး က အင်ကြင်းဦး ၁၉၈၆ အောက်တိုဘာ ၁ ရက်နေ့ ဗုဒ္ဓဟူး ဘင်္ဂ ဖွားပါ…
    ဆရာ က ဘင်္ဂ ဘင်္ဂ အချင်းချင်းဆို အဆင်မပြေဘူး ပြောလို့ ဘယ်လိုလုပ်သင့်တယ် ဆိုတာ လေး ကျွန်တော့်ဆီကို မေးပို့ပေးနိုင်မလား ဆရာ.
    ကျေးဇူးတင်ပါတယ်…

  5. Yar Yar on said:

    ဆရာခင်ဗျာ… ဆရာ့မှာ connection နဲ့ အချိန် အခက်ခဲရှိမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်ရင်ထဲမှာတော်တော်ပူနေလို့ မေးပါရစေ ခင်ဗျာ။ ကျွန်တော်နာမည်က ယာမိုးလွင်(ဗုဒ္ဓဟူးသား)ပါ။ မွေးနေ့က 8-April-1981 ပါ။ ကျွန်တော်ချစ်သူနာမည်က တနလာင်္+ဗုဒ္ဓဟူး+ဗုဒ္ဓဟူး(ရာဟုသမီး)ပါ။ မွေးနေ့က 9-April-1986 ပါ။ သူမနာမည်က ပက္ခတ်လဲမိနေပါတယ်။ ၉ ဂဏန်းသမားဖြစ်တဲ့အပြင်၊ ပုတိဖွား လဲဖြစ်နေပြန်ပါတယ်။ ဆိုလိုချင်တာက အိမ်ထောင်ရေးကံ သိပ်မကောင်းဘူးလို့သိရပါတယ် ခင်ဗျာ။ ပြီးတော့ ကျွန်တော်က အထွန်း၊ သူမက ပုတိ ဆိုတော့ “ပက္ခတ်” မိနေပြန်တယ်ဆရာ။ ကျွန်တော်သူမနဲ့ပေါင်းမှ ပေါင်းရပါ့မလား၊ အဆင်မှပြေပါ့မလား၊ ဆရာရယ်။ ဖြစ်နိုင်ရင်ဖြေပေးပ်ါခင်ဗျာ။ ဟူးရားကံကြမ္မာဂဏန်းက 1 ရပါတယ်ခင်ဗျာ။ ကျေးဇူးတင်စွာဖြင့် Yar Yar.

  6. I can’t see the pictures above. I use the Mozilla browser. Is that because of the browser?

  7. If name and marriage are catch by Pa-Ka. What can we do?

  8. သက် on said:

    ဒီနေရာမှာ မွေးနေ့နဲ့ အညီ နာမည် မမှည့်သူတွေ အတွက်ကျတော့ ဘယ်လိုလုပ်မလဲ ဆရာ။

  9. မထွေးလေး on said:

    ဆရာ
    ကျွန်မက ၁ကြွင်းဘင်္ဂပါ။ကျွန်မနဲ့လက်ထပ်မယ့်ကျွန်မချစ်သူက ၂ကြွင်း အထွန်းပါ။ နှစ်ယောက်စလုံးက တနင်္ဂနွေတွေပါ။ အပေါ်မှာဟောထားတဲ့အထဲမှာ ဘင်္ဂxဘင်္ဂ ဖြစ်နေပါတယ်။ လက်ထပ်ဖို့စီစဉ်နေကြပါတယ်(ရက်တောင်ရွေးပြီးခါမှ အတားအဆီးတွေဖြစ်လာလို့) စိတ်တွေပူနေရပါတယ်ဆရာရယ်။ အဆင်ပြေအောင်ဘာလုပ်ရမလဲလို့ ဆရာကူညီပါဦးရှင်။

  10. Dr.Tin Bo Bo on said:

    မိန်းကလေးဘက်ကကြည့်ရင် ကိုယ့် ဘင်္ဂနံကို ယူမှာမို့ သိပ်မကောင်းပေမယ့် ယောင်္ကျားလေးဘက်ကကြည့်ရင် ကိုယ့် အထွန်းနံကို ယူမှာမို့ ကောင်းတယ်ဆိုရမယ်။ ပျမ်းမျှခြင်းအရ သိပ်အဆိုးကြီးလို့ ပြောမရပါဘူး။ ဒီလို အခြေအနေမျိုးမှာ အကောင်းဆုံးဖြစ်အောင် ရက်ကောင်းရက်မြတ်ကလေးကိုသာ ရွေးကြပေတော့။ ဆရာ့ဆောင်းပါးတွေထဲမှာ “လက်ထပ်မယ်ဆို၊ ရက်မြတ်ဘယ်လို” တို့၊ “တော်ဝင်တို့၏ မင်္ဂလာပွဲ” တို့ထဲမှာ ရက်ကောင်းတွေအကြောင်း ရေးထားပါတယ်။ ဖတ်ကြည့်ပါ။

  11. မေသဉ္ဇာထွဋ် on said:

    ဆရာရှင့်
    ကျွန်မသမီးလေးက ၁၃၇၃ ခုနှစ်ဖွား သောကြာသမီးလေးပါ
    ရာဇဖွားဖြစ်ပါတယ်ဆရာ..သမီးလေးရဲ့နာမည်ကို
    မေသဉ္ဇာထွဋ် လို့ပေးထားပါဆရာ…နာမည်ကောင်းမကောင်းသိချင်ပါတယ်ဆရာ

  12. ငုဝါ on said:

    ဆရာ ကျွန်မက ၁ ကြွင်းပုတိဖွားပါ..အမျိုးသားက ၁ကြွင်း ဘင်္ဂဖွားပါ… ကျွန်မတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးကံကောင်းမကောင်းသိချင်ပါတယ် ဆရာ

  13. ယု on said:

    ဆရာ ဆောင်းပါးတွေကို ဖတ်ရတာ အရမ်းကို ဗဟုသုတ ရစေပါတယ်.. သမီးတို့လို ၀ါသနာရှင် လေ့လာ လိုသူတွေအတွက် အရမ်းကို အကျိုးရှိပါတယ်. အချိန်ရတိုင်း ဆရာ့ဘလော့ဒ် ကို လာလည်မိပါတယ်.. နောင်ကိုလဲ ဒီလို ဗဟုသုတ ရစေတဲ့ ဆောင်းပါးမျိုး များများရေးပေးနိုင်ပါစေလို့ ဆရာ့စေတနာတွေကို လေးစားဂုဏ်ပြုရင်း လှိုက်လဲစွာ တောင်းဆိုပါတယ် ဆရာ.. ဆရာ ကိုယ်စိတ်နှစ်ဖျာ ကျန်းမာ ချမ်းသာပါစေ..

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Reports to my Friends !

ယခုဆောင်းပါး “ဖူးစာရှင် အမှန်တွက်နည်း” ထက် ပိုမိုကောင်းမွန်တိကျသော (ဖူးစာရှင်၏ နာမည်အစ နေ့နံ အပါအ၀င် နာမည်တွင်ပါဝင်မည့် နေ့နံများကိုပါ ဖော်ပြနိုင်မည့် အလွယ်တွက် နည်းစနစ်တစ်ခု) ကို ရက်ပိုင်းအတွင်း တင်ပေးပါမည်။ စောင့်မျှော်ဖတ်ရှုပါ။ ဖူးစာရှင်၏ မွေးနေ့မွေးရက်များ လုံးဝ သိစရာမလို ၊ ချစ်သူရည်းစား မရှိသေးသူများပင် တစ်ချိန်တွင် မိမိဘ၀ကြင်ဖော်ဖြစ်လာမည့် သူ၏ နာမည်နေ့နံများကို ကြိုတင်သိရှိနိုင်မည့် နည်း !!!

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ