# အိပ်မက် . . (၂)

.

မိတ်ဆွေ ၊ ကျွန်တော်တို့ မနေ့က ဆွေးနွေးခဲ့တဲ့ “အိပ်မက်” . . (၁)ရဲ့ အဆက် အိပ်မက် . . (၂) ကို ဆက်ပြီး ဆွေးနွေး ကြရအောင်လား။

.

အိပ်မက်ဟာ လူသားတွေနဲ့ နာမ်လောကက ပုဂ္ဂိုလ်တွေ ဆက်သွယ်လို့ရတဲ့ နေရာတစ်ခုဖြစ်နိုင်တယ် ဆိုတဲ့ ကိစ္စကို ဆွေးနွေး ချင်ပါတယ်။ လူအတော်များများမှာ ဒီလို အတွေ့အကြုံမျိုး ရှိတတ်ကြပါတယ်။ ဘာလဲ ဆိုတော့ “ကွယ်လွန်သွားပြီးတဲ့” အဖိုးအဖွား၊ အမိ, အဘ ဆွေမျိုးတွေ ကိုယ့်ထံမှာ လာပြီး နေချင်တယ်လို့ အိပ်မက်ပေးပြီး သိပ်မကြာခင်မှာ ကိုယ်ဝန်ရှိ လာတာမျိုး တစ်ချို့မှာ ကြုံဘူးကြပါလိမ့်မယ်။

.

ကျွန်တော့်ရဲ့ ဒုတိယ သမီးဖြစ်သူကို မမွေးခင်မှာ ဒီလို အတွေ့အကြုံ ရှိခဲ့ဘူးပါတယ်။ ကျွန်တော်နဲ့ အလွန်ရင်းနှီးချစ်ခင်တဲ့ သူငယ်ချင်းတစ်ဦးဖြစ်သူရဲ့ မိခင် ဖြစ်သူဟာ “အဆုတ်ကင်ဆာ” နဲ့ ကွယ်လွန်သွားပြီး လ, အနည်းငယ်အကြာမှာ ကျွန်တော် အိပ်မက် မက်ပါတယ်။ အိပ်မက်ထဲမှာ သူငယ်ချင်းရဲ့ မိခင်ဟာ အိမ်ကိုရောက်လာပြီး “သူ” ဒီအိမ်မှာ နေချင်ကြောင်း ၊ နေလို့ ရမလား ဆိုပြီး မေးပါတယ်။

.

ကျွန်တော်လည်း ၀မ်းသာအားရနဲ့ နေလို့ရကြောင်း ပြန်ပြောလိုက်ပါတယ်။ ခဏနေတော့ သူ အိမ်သာတက်ချင်ကြောင်း ပြောလို့ အိမ်သာကို လိုက်ပို့ပေးလိုက်ပါတယ်။ အိမ်သာထဲမှာ အချိန်အတော်ကြာနေလို့ အပြင်ကနေ ခေါ်ကြည့်တော့လည်း ပြန်မထူးတာနဲ့ စိတ်ပူပြီး အိမ်သာတံခါးကို ရိုက်ချိုးကြည့်လိုက်တော့ အဖွားကြီး မရှိတော့ပါဘူး။ အနှီးထုပ် ထဲမှာ ထွေးထားတဲ့ “မွေးခါစ, ကလေးငယ်လေး” ကိုသာ တွေ့လိုက်ရပါတယ်။ နောက် ရက်သတ္တပါတ် (၂)ပါတ်လောက်ရှိတော့ ကျွန်တော့်ဇနီးမှာ ကိုယ်ဝန်ရ လာပါတယ်။ မွေးလာတော့ မိန်းကလေးပါ။ ကျွန်တော့်ရဲ့ ဒုတိယ သမီးဖြစ်ပါတယ်။

.

ဒီနေရာမှာ “လူဝင်စားတစ်ဦး” ပြန်ပြောပြတဲ့ အကြောင်းလေးတစ်ခုကို ပြောပြပါဦးမယ်။ ဒီလူဝင်စား မိန်းကလေးဟာ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ဦးထံမှာ အလုပ်လုပ်တဲ့ အလုပ်သမလေး တစ်ဦးပါ။ သူဟာ သူ့ရဲ့ ယခင်ဘ၀ဟောင်းကို အသေးစိတ်မှတ်မိသူ ဖြစ်ပါတယ်။ ယခင်ဘ၀က သူဟာ ယောင်္ကျားလေးပါ။ မိန်းမ နဲ့ ကလေးတွေ ရှိပါတယ်။ အလုပ်အကိုင်က “ထန်းလုပ်သား” ပါ။ “ထန်းလုပ်သား” ဆိုတာ ထန်းပင်တွေတက်တယ်၊ ထန်းနို့ လှီးတယ် ၊ ထန်းရေ ခံတယ်၊ ထန်းလျက် ချက်တယ် . . စတဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်သူ ဖြစ်ပါတယ်။

တစ်နေ့မှာ သူဟာ ထန်းပင်ပေါ်မှာ “ထန်းနို့” လှီးရင်းနဲ့ သူ့လက်ကောက်ဝတ်ကို ထန်းလှီးဒါးနဲ့ ချော်ပြီး လှီးမိသားပါတယ်။ “ထန်းလှီးဒါး” ဆိုတာ မြင်ဘူးကြမလား မသိဘူး။ အလွန် အသွားထက်တဲ့ ဒါးပါ။ အဲဒီမှာ တစ်ခါတည်း သူ့ရဲ့ လက်ကောက်ဝတ် “သွေးလွှတ်ကြောမကြီး” ပြတ်ထွက်သွားပြီး သွေးတွေ “ထောင်ပန်း”လာပါတယ်။ သူလည်း ကြောက်အားလန့်အားနဲ့ ထန်းပင်ပေါ် ကနေ အမြန် ဆင်းလာပါတယ်။ ထန်းပင်အောက် ရောက်တော့ သူ သတိမေ့သွားပါတယ်။

ဒါပေမယ့် ချက်ချင်းလို သတိပြန်ရလာပြီး သူ, ကြောက်အားလန့်အားနဲ့ လျှောက်ပြေး နေပါတယ် တဲ့။ သူ့ကိုယ်သူ ဘာဖြစ် သွားမှန်း သူမသိပါဘူး။ သူ သတိထားမိတာတစ်ခုက အဲဒီလို လျှောက်ပြေးနေတဲ့ အချိန်မှာ သူ့ကိုယ့်ခန္ဓာဟာ အလွန်ပေါ့ပါး နေတာ ကိုပါဘဲ။ ဒီတော့မှ သူ သေဆုံးပြီး တစ္ဆေဘ၀ကို ရောက်သွားတာကို သိလိုက်ပါတယ်။ တစ္ဆေဘ၀မှာ သူ (၂)လ လောက်ဘဲ နေခဲ့ရပါတယ်။ (တစ္ဆေဘ၀မှာ နေရခိုက် အလွန်ဆန်းကြယ်လှတဲ့ သူ့ရဲ့ တမလွန်ဘ၀ အတွေ့အကြုံတွေကို “တစ္ဆေ” လို့ အမည်ပေးထားတဲ့ နောက်ဆောင်းပါးတစ်ခုမှာ အသေးစိတ်ရေးပါဦးမယ်)

နောက် (၂)လလောက် ကြာတော့ သူ အိမ်ကို လွမ်းလာပါတယ်။ သားသမီးတွေ နဲ့ ဇနီးကို သတိရလာပါတယ်။ ဒါနဲ့ သူ့အိမ်ကို ပြန်လာပါတယ်။ အိမ်ရှေ့မှာ သူ့အမေ တံမျက်စည်းလှဲနေတာကိုတွေ့ပါတယ်။ သူ့ကိုတွေ့တော့ “မင်း အခုမှ ပြန်လာရသလား” လို့ မေးပြီး ပြုံးပြုံးကြီး ကြည့်နေပါတယ်တဲ့။ သူက “အမေ . . ကျွန်တော် အမေ့ဆီမှာ လာနေချင်လို့ လာပြောတာပါ . . နေလို့ ရမလား” လို့ မေးတော့ သူ့အမေက “ဟဲ့ – ငါက သွေးဆုံးနေပြီဟဲ့ . . နင့်အမ, ဆီကို သွားပြောပါလား” လို့ ပြန်ပြောတာနဲ့ သူလည်း သူ့အစ်မဆီကို သွားပြီး “အစ်မရေ . . ငါ နင်တို့အိမ်ကို လာနေချင်တယ်” လို့ ပြောလိုက်တော့ အစ်မလုပ်တဲ့သူက ၀မ်းသာအားရနဲ့ “နင် လာနေချင်ရင် နေလေ” လို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူလည်း အစ်မထံထံမှာ ၀င်စားလိုက်ပြီး လူ့ဘ၀ကို ပြန်ရောက်လာပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာက “သူ့အမေ နဲ့ အစ်မ” ကို သွားပြောလိုက်တာဟာ အိပ်မက်ထဲမှာ မဟုတ်ပါဘူး တဲ့။ ဒီလိုဘဲ နေ့ခင်းအချိန်မှာ မျက်နှာချင်းဆိုင်ပြီး ပြောလိုက်တာမျိုးပါဘဲ တဲ့။ လူ လူချင်း အပြင်ဘက်မှာ တွေ့ကြ သလိုပါဘဲ တဲ့။ ဒါပေမယ့် သူ့အမေ နဲ့ သူ့အစ်မက (သူ ၀င်စားပြီး ကြီးလာတဲ့အခါ ပြန်ပြောပုံအရ) အိပ်မက်ထဲမှာ လာပြောတာ ပါတဲ့။ သူက အမေ နဲ့ အစ်မကို ဒီအတိုင်း သွားပြောလိုက်တယ်။ အမေ နဲ့ အစ်မက ဒါကို အိပ်မက်အဖြစ် မက်တယ်။ ဒီနေရာမှာ ကွဲလွဲချက်တစ်ခု ဖြစ်နေပြီး ဒီကွဲလွဲချက်ဟာ အတော် စိတ်ဝင်စားစရာပါ။

သူပြောပုံအရဆိုရင် ၀ိဉာဉ်လောကထဲက သူတွေဟာ လူသားတွေနဲ့ မျက်နှာချင်းဆိုင် တွေ့နိုင်ပြောနိုင်ပြီး အိပ်မက်တွေဘာတွေ ပေးစရာမလိုဘူး . . လူသားတွေကတော့ ၀ိဉာဉ်လောကထဲက လူတွေကို အိပ်မက်ထဲမှာသာ တွေ့ခွင့်ရတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်နေတယ်။ “အိပ်မက်” ဟာ လူသားတွေ နဲ့ ၀ိဉာဉ်လောကသားတွေရဲ့ တွေ့ဆုံပေါင်းကူးရာ နေရာတစ်ခုလို့ ယူဆရမလို ဖြစ်နေ ပါတယ်။ ဒါကြောင့် အိပ်မက် မက်တယ်ဆိုတာ လူသားတွေ ၀ိဉာဉ်လောကထဲကို ရောက်သွားတာဖြစ်တယ်လို့ ယူဆချင်စရာပါဘဲ။

ဒီ လူဝင်စား မိန်းကလေးဖြစ်သူကို ကျွန်တော် နဲ့ သူငယ်ချင်းဖြစ်သူဟာ ဒီကိစ္စကို အကြိမ်ကြိမ် အထပ်ထပ် မေးမြန်းစစ်ဆေး ကြည့်ရာမှာ ကွဲလွဲချက် လုံးဝမရှိတာကြောင့် အမှန်အတိုင်း ပြောတာလို့ ယူဆရမှာဖြစ်ပါတယ်။  (စိတ်ပညာ စမ်းသပ်စစ်ဆေးမှုများ အရ လူတစ်ယောက်ဟာ လိမ်ပြောတဲ့ အကြောင်းအရာတစ်ခုကို အထပ်ထပ် မေးမြန်းကြည့်ရင် တစ်ကြိမ်နဲ့ တစ်ကြိမ် ကွဲလွဲချက် တွေ ဖြစ်လာပါတယ် တဲ့။ အမှန်အတိုင်းပြောတာဆိုရင် အကြိမ်ပေါင်းများစွာ စစ်ဆေးမေးမြန်းသော်လည်း ကွဲလွဲချက် မရှိတတ်ဘူး လို့ ဆိုပါတယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ဟာ လူဝင်စားမိန်းကလေးပြောပြတဲ့ အတိတ်ဘ၀အကြောင်းကို အကြိမ် (၂၀)ထက် မနည်း မေးမြန်းစစ်ဆေး ထားခြင်း ဖြစ်ပါတယ်)

.

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်ကလေးတစ်အုပ် ရှိပါတယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ် ဘာသာပြန်တဲ့ “နှစ်လောက စစ်ပွဲ” ဆိုတဲ့ စာအုပ်ကလေးပါ။ တချို့လည်း ဖတ်ဖူးကြပါလိမ့်မယ်။ ဒီစာအုပ်လေးဟာ “ဒုတိယကမ္ဘာစစ်ကြီး” ကို နောက်ခံထားပြီး ရေးထားတဲ့ စာအုပ်ကလေးပါ။ အကြေင်းအရာ အကျဉ်းချုပ်ကတော့ “ဗြိတိသျှ ထိပ်တန်း စစ်အရာရှိကြီးများ” ရဲ့ စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ စစ်ဆင်ရေးတွေဟာ ရန်သူ “ဂျာမဏီ” ဘက်က ကြိုကြိုသိနေပြီး စစ်ဆင်ရေးတွေ ပျက်ပြားအောင်၊ ဆုံးရှုံးအောင် လုပ်နေတဲ့ ကိစ္စတစ်ခုဖြစ်လာပါတယ်။ အစကတော့ အတွင်းလူ “သူလျှို” ရှိနေပြီလို့ ထင်ကြတယ်။ ဒါပေမယ့် အားလုံးကလည်း တကယ့် ထိပ်သီးခေါင်းဆောင်တွေဖြစ်နေတယ်။ သေသေချာချာ ထောက်လှမ်းကြည့်တောလည်း “သူလျှို” လို့ သံသယဖြစ်ဖွယ် တစ်ယောက်မှ မရှိဘူး။

နောက်တော့မှ “စိတ္တဗေဒပညာရှင်တွေ” ရဲ့ ဖော်ထုတ်မှုကြောင့် ရန်သူ “ဂျာမဏီ”ဟာ “အိပ်မက်” ကနေတဆင့် “ဗြိတိသျှ စစ်ဗိုလ်ချုပ်ကြီးများ” ရဲ့ စစ်ဆင်ရေးတွေကို ကြိုသိ နေတာ ဆိုတာသိလာရတယ်။ “နာဇီဂျာမဏီ” တို့ဟာ “မှော်ပညာ” တတ်တဲ့ ပညာရှင်တစ်ဦးကို လက်သပ်မွေးထားတယ်။ သူနဲ့ သူ့တပည့်တွေကနေ “ဗြိတိသျှ စစ်အရာရှိကြီးတွေ” ရဲ့ အိပ်မက်ထဲကို ၀င်ပြီး လျှို့ဝှက် စစ်ဆင်ရေးတွေကို ဖော်ထုတ်တာကိုး။

ဒါကြောင့် ဗြိတိသျှဖက်က စိတ္တဗေဒပညာရှင်တွေ ပူးပေါင်းပြီး အိပ်မက်ထဲကနေ “နာမ်လောက”သားချင်း စစ်ထိုးကြတော့တယ်။ မျက်မြင် လောကကြီးထဲမှာ “မဟာမိတ်” တွေနဲ့ “ဂျာမဏီ” အပြင်းအထန် စစ်တိုက်နေကြသလို “အိပ်မက်လောက”မှာလည်း နာမ်လောကသားချင်း အပြင်းအထန် စစ်ပွဲကြီး ဆင်နွဲကြပါတယ်။ အစပိုင်းမှာ “မဟာမိတ်တွေ”ဘက်က အရေးနိမ့်နေပေမယ့် နောက်ဆုံးတော့ “တရားမှု နဲ့ မတရားမှု” မှာ တရားမှုက အနိုင်ရမြဲ ဆိုတဲ့အတိုင်း အိပ်မက်လောကမှာ မဟာမိတ်တွေ ဘက်က အနိုင်ရသွားပါတယ်။ ဒါကြောင့် “ဒုတိယ ကမ္ဘာစစ်ပွဲကြီး” ဟာ “နာဇီ ဂျာမဏီ” အရေးနိမ့်သွားပြီး ပြီးဆုံးသွားရပါတော့တယ်။ စိတ်ကူးယဉ် ၀တ္တုလေးဖြစ်ပေမယ့် “အိပ်မက်” နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ စာအုပ်ကလေး တစ်အုပ်ဖြစ်ပါတယ်။ (စာအုပ်က ဖတ်ခဲ့တာ သိပ်ကြာခဲ့ပြီမို့ ဇာတ်လမ်း ပင်မကျောရိုးလောက်သာ မှတ်မိတော့ပြီး အသေးစိတ်မမှတ်မိတာကို ခွင့်လွှတ်ပါ)

.

ခုပြောပြခဲ့တဲ့ အကြောင်းအရာတွေဟာ “အိပ်မက်သည် နာမ်လောက နှင့် ဆက်သွယ်ရာနေရာဖြစ်နိုင်သည်” ဆိုတဲ့ ယူဆချက် ကလေးကို (ဖြစ်နိုင်တယ်ဆိုတဲ့ဘက်က) ဆွေးနွေးကြည့်တာသာ ဖြစ်ပါတယ်။ တိကျ ခိုင်လုံသော သက်သေပြချက်တော့ မဟုတ် သေးပါဘူး။

.

ဒါပေမယ့် “အိပ်မက်ဟာ နာမ်လောကရဲ့ ပြူတင်းပေါက်” ဆိုတဲ့ အဓိပ္ပါယ်ထက် ကျယ်ဝန်း နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေ ရှိသေးတယ် လို့ ကျွန်တော် ယူဆပါတယ်။ အိပ်မက်တွေဟာ “လူ့ဘ၀ရဲ့ ရှေ့ပြေးနိမိတ်” တွေလည်း ဖြစ်နိုင်သလို၊ “လမ်းညွှန်ချက်တွေ” လည်း ဖြစ်နိုင်ပါတယ်။ အန္တရာယ် တစ်ခုခု ကျရောက်မှာကို ကြိုတင်သတိပေးတာလည်း ဖြစ်နိုင်ပါတယ်။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ (သို့) ၀မ်းနည်းဖွယ်ကောင်းတဲ့ အခြေအနေတစ်ခုကို သတင်းပေးတာလည်း ဖြစ်နိုင်ပါတယ်။ ဘ၀အတွက် အရေးကြီးတဲ့ Message တွေဖြစ်နိုင်သလို အရေးမကြီးလှတဲ့ Message လည်း ဖြစ်နိုင်ပါတယ်။ အိပ်မက်တိုင်း အရေးကြီးတယ်လို့တော့ မယူဆ စေချင်ပါဘူး။

.

အိပ်မက်ဟာ “အနာဂါတ်ကိစ္စ တစ်ခုတည်း” လို့လည်း ကန့်သတ်လို့ မရပြန်ပါဘူး။ အချို့ အိပ်မက်များဟာ အတိတ်ဘ၀များက တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်များကို ပြန်လည် သတိရလာအောင် စေ့ဆော်ပေးတဲ့ အိပ်မက်များလည်း ဖြစ်နေတတ်ပါတယ်။ လူတိုင်းတော့ ကြုံဘူးချင်မှ ကြုံဘူးလိမ့်မယ်။ ကျွန်တော့်အတွက်တော့ ပြီးခဲ့တဲ့ အတိတ်ဘ၀ (၃)ဘ၀လောက်ကို အိပ်မက်ကနေ ပြန်ရောက် သွားတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေဟာ  “လူအတော်များများအဖို့” ယုံကြည်နိုင်ဖို့ ခက်ခဲလွန်းတာကြောင့် ဒီနေရာမှာ ရေးပြဖို့ သိပ် မသင့်တော်လှဘူးလို့ ထင်မိပါတယ်။ သက်ဆိုင်တဲ့ ကာယကံရှင် များလည်း ကျွန်တော့်ရဲ့ အွန်လိုင်းစာမျက်နှာပေါ်က ပရိတ်သတ်တချို့ ဖြစ်နေလို့ပါ။ သူတို့ဆီက ခွင့်ပြုချက် ယူရပါဦးမယ်။

.

အိပ်မက်တိုင်းဟာ အကျိုးသက်ရောက်မှု ရှိပါမယ်လို့တော့ ပြောလို့ မရပါဘူး။ ထူးထူးခြားခြား မက်သည့်တိုင်အောင် ဘာမှ ဖြစ်မလာတဲ့ အိပ်မက်တွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ဒါကို ကောက်ယူပြီး အိပ်မက်ဟာ အဓိပ္ပါယ် လုံးဝမရှိပါဘူးလို့တော့ မပြောနိုင်ပါဘူး။ အိပ်မက်တော်တော်များများဟာ “အမြီးအမောက်မတည့်” ကပေါက်တိ ကပေါက်ချာ မက်တတ်ပေမယ့် ဒီလို ကပေါက်တိ ကပေါက်ချာ မက်တာကိုက အိပ်မက်ရဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေနိုင်ပါသေးတယ်။ ဒီလို အမြီးအမောက် မတည့်တဲ့ အထဲကနေ အမြီးအမောက်တည့်အောင်/အစီအစဉ်ကျအောင် စဉ်းစားယူရတဲ့ ပဟေဠိတစ်ပုဒ်လို ကိစ္စမျိုးလည်း ဖြစ်နိုင်ပါတယ်။

.

အိပ်မက်ဟာ အနာဂါတ် ရှေ့ပြေးနိမိတ်ဖြစ်တယ် ဆိုတာကို ဗုဒ္ဓဘုရားရှင်သော်မှ လက်ခံခဲ့တဲ့ သက်သေသာဓကတွေ ဗုဒ္ဓကျမ်းစာ တွေမှာ တွေ့မြင်နိုင်ပါတယ်။ “ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး” ရေးသားပြုစုတဲ့ “ဇိနတ္ထ ပကာသနီကျမ်း” ကြီးမှာ ဒီလို ရေးသားထားပါတယ်။

“ဇိနတ္ထ ပကာသနီကျမ်း” – စာမျက်နှာ (၄၉) ၊ အပိုဒ် (၃) . . . “ထို့နောက်မှ ကိုယ်တော်တစ်ယောက်တည်း ကျင့်တော်မူ၍ လူတို့ သက္ကရာဇ် ၁၀၃ ခု ၊ ကဆုန် လဆန်း ၁၄ ရက် အင်္ဂါနေ့ညဥ့်တွင် အိပ်မက်ကြီး ငါးအင်ကို မြင်တော်မူ၏။

အိပ်မက်ကြီး ငါးပါး

၁။ မြေအပြင်ကို အိပ်ရာပြု၍ ယူဇနာ ငါးရာရှိသော ဟိမ၀န္တာတောင်ကို ခေါင်းအုံးလျက်၊ အရှေ့အနောက် သမုဒ္ဒရာအပြင် ထက် လက်တော်ကို ထားပြီးသော်၊ ခြေတော်အစုံကို တောင်သမုဒ္ဒရာ၌ ထားလျက် စက်တော်မူရသည်ဟု မြင်မက်သည်လည်း တစ်ပါး။

၂။ ၀င်ရိုးပမာ သန္တာနီ အဆင်းရှိသော “တိရိယ” မည်သော မြက်သည် ချက်တော်မှ ဖောက်၍ ဘ၀ဂ်သို့ ရောက်အောင် တက်သည်ဟု မြင်မက်သည်လည်း တစ်ပါး။

၃။ အဆင်းဖြူသော ပိုးမျိုးသည် ခြေတော်မှ ပုဆစ်တိုင်အောင် လွှမ်း၍ တက်သည်ဟု မြင်မက်သည်လည်း တစ်ပါး။

၎။ အထူးထူး အဆင်းရှိသော ငှက်အပေါင်းတို့သည် လေးမျက်နှာမှ လာကုန်၍ ခြေတော်ရင်းမှာ နေကုန်သော် အလုံးစုံ အဖြူ ချည်းသာဖြစ်သည်ဟု မြင်မက်သည်လည်း တစ်ပါး။

၅။ ကြီးစွာသော မစင်တောင်ထက်သို့ တက်၍ စင်္ကြံသွားသော်လည်း မစင်လိမ်းကပ်ခြင်း မရှိဟု မြင်မက်သည်လည်း တစ်ပါး။

ဤ ငါးပါးသော အိပ်မက်ကို မြင်တော်မူ၍ ဆင်ခြင်တော်မူလျှင် “ငါသည် ယနေ့စင်စစ် ဘုရားဖြစ်အံ့သည်” ဟု ကြံရည် ဆုံးဖြတ်၍ မိုးသောက်ယံ၌ ဆွမ်းခံသွားသော အချိန်ကို ငံ့လင့်တော်မူလျက် နံနက်စောစောကလျှင် လာတော်မူ၍ “သေနနိဂုံး” ၏ အနီး ကြီးစွာသော ညောင်ပင်ရင်း၌ ထွန်းလင်းသော ကိုယ်ရောင်ကို ဖြစ်စေလျက် နေတော်မူလင့်၏” . . . လို့ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

ဒါဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားတဲ့ “မဟာလူသားဗုဒ္ဓ” အလောင်းအလျာသော်မှ “အိပ်မက်” ကို မစွန့်ခဲ့တဲ့ ထင်ရှား တဲ့ ဥပမာ တစ်ခုပါ။

.

ရဟန္တာ အရှင်မြတ်ကြီးတစ်ပါး ဖြစ်တဲ့ “ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး” ခန္ဓာဝန်ချဖို့ ရက်အနည်းငယ် လောက် အလိုမှာ ဆရာတော်ကြီးကို သမီးရင်းချာပမာ ပြုစုနေတဲ့ “ဒေါ်တင်လှ” ကို ဆရာတော်ကြီးက ယခုလို မိန့်တော်မူပါတယ်။

“ဟဲ့ တင်လှ ၊ နင် အခုရက်ပိုင်း အိပ်မက်ထူးထူးဆန်းဆန်းတွေ မမက်ဘူးလား” လို့ မေးပါတယ်။

ဒေါ်တင်လှက “မှန်လှပါ၊ ညက အိပ်မက်ထူးထူးဆန်းဆန်း မက်ပါတယ်ဘုရား၊ အရှင်ဘုရားက စေတီတစ်ဆူရှေ့မှာ တရားထိုင် နေစဉ် စေတီတော်ဟာ မီးခိုးတွေ အူလာပြီး ဖောင်းရစ်ကနေ တအိအိပြိုဆင်းလာကာ ဆရာတော်ဘုရားအပေါ် ပိကျလာသော်လည်း ဆရာတော်က မည်သို့မှ မဖြစ်ဘဲ တရားထိုင်မြဲ/ထိုင်လျှက် ရှိနေတာကို မက်ပါတယ် ဘုရား” လို့ လျှောက်ပါတယ်။

ဆရာတော်ကြီးက “ဟဲ့ တင်လှ ၊ နင့် အိပ်မက်က “စင်း” လှချည်လား” လို့ ပြန်ပြီး မိန့်တော်မူပါတယ် တဲ့။ ဒေါ်တင်လှကတော့ ဒီအိပ်မက်ရဲ့ အဓိပ္ပါယ်ကို မသိခဲ့ပါဘူး။ နောက်ရက်အနည်းငယ်ခန့်မှာ မိုးကုတ်ဆရာတော်ကြီးဟာ  ကျန်းကျန်းမာမာရှိနေရာက မမျှော်လင့်ဘဲ ရုတ်တရက် ခန္ဓာဝန် ချသွားတော် မူပါတယ်။

.

နောက်ထပ် ရဟန္တာအရှင်မြတ်ကြီး တစ်ပါးဖြစ်တဲ့ “စွန်းလွန်းဆရာတော်ကြီး” ကလည်း အိပ်မက်နဲ့ ပတ်သက်ပြီး မိန့်ကြား ဘူးပါတယ်။ ဆရာတော်ကြီးဟာ “မဂ် (၃)တန်ကို ရရှိပြီး” ဆက်လက် အားထုတ်နေချိန် တစ်ညမှာ အိပ်မက်တစ်ခု မြင်မက် ပါတယ်။ အိပ်မက်ထဲမှာ ဆရာတော်ကြီးဟာ လူ့ဘ၀ ပုံစံနဲ့ ခိုင်းနွားတစ်ကောင်နောက်ကို လိုက်ပြီး ဖမ်းတာမှာ နွားရဲ့ “အမြီး” ကိုသာ ဖမ်းမိပြီး ဆောင့်ဆွဲလိုက်တာ နွားမြီးဟာ အရင်းကနေ ပြုတ်ထွက်လာပြီး လက်ထဲမှာ ကျန်နေခဲ့တယ်လို့ မြင်မက်ပါတယ်။ (ဒီ နေရာမှာ အိပ်မက်တွေရဲ့ “အမြီးအမောက် မတည့်ပုံ” လေး ပါဝင်နေပါတယ်။ မဂ် (၃)တန်ရပြီးသား ရဟန်းအရှင်မြတ်ကြီးဟာ အိပ်မက်ထဲမှာ “လူအ၀တ်အစားနဲ့ နွားလိုက်ဖမ်းနေတာဟာ” အလွန့်ကို ကိုရိုးကားရားနိုင်လှတဲ့ အိပ်မက်တစ်ခုပါ)

ဒါပေမယ့် ဆရာတော်ကြီးကတော့ ဒီလို အဓိပ္ပါယ်ကောက်လိုက်ပါတယ်။ ဒီတစ်ခါတော့ “ကိလေသာမှန်သမျှ အရင်းအမြစ်ပါ မကျန်အောင် ပြုတ်ထွက်တော့မယ့် နိမိတ်ဘဲ” လို့ ကောက်ယူပြီး ပြင်းပြင်းထန်ထန် အားထုတ်လိုက်တာ တစ်ခါတည်း မဂ်(၄)တန် ဖိုလ်(၄)တန် နဲ့ အရဟတ္တဖိုလ်ကို ဆိုက်ရောက်သွားပါတော့တယ်။

.

ဒါတွေဟာ ဗုဒ္ဓဘုရားရှင် အပါအ၀င် ၊ ရဟန္တာပုဂ္ဂိုလ်ထူးကြီးများပါ အိပ်မက်ကို မစွန့်ခဲ့ကြတဲ့ သာဓကလေးတွေပါ။ “အိပ်မက်” အခန်းဆက် ပို့စ်များကို အပိုင်း (၅)ပိုင်း (၆)ပိုင်းလောက်အထိ တင်ဆက်ဖို့ရှိလို့ ယနေ့အတွက် ဒီမျှလောက်နဲ့ ရပ်နားပါဦးမယ်။ ဆက်လက် ရေးသားသွားပါမယ်။

.

စိတ်ဝင်စားစွာ ဖတ်ရှုပေးကြသော စာဖတ်ပရိတ်သတ်ကြီးအား ကျေးဇူးအထူးတင်လျှက်ပါ။ ကျန်းမာ ချမ်းသာကြပါစေ။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ- ဗေဒသုခုမ)

.

မှတ်ချက်။ ။ မိမိတို့၌ ထူးဆန်းသော အိပ်မက်များ နှင့် လက်တွေ့တိုက်ဆိုင်မှု အတွေ့အကြုံများ ရှိလျှင် (ဗဟုသုတအလို့ငှာ) ကွန်းမန့်ထဲတွင် ၀င်ရောက် ရေးသား ပေးကြပါရန် ချစ်ခင်လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်ခင်ဗျား။

.

« »

40 thoughts on “# အိပ်မက် . . (၂)”

  1. good post..i really like this posts…….

  2. ဆရာရေ… ကျွန်တော်လည်း လွန်ခဲ့တဲ့ (၂၀၀၉)ခုနှစ်က အိမ်မက်တစ်ခုကိုမက်ခဲ့ဖူးပါ
    တယ်။အိမ်မက်ထဲမှာ ကျွန်တော်ဟာ သေမင်းနဲ့ တွေ့ တယ်လို့ မက်ပါတယ်။အစပိုင်းမှာ
    ကျွန်တော် ကြောက်လန့်တုန်လှုပ်မိသွားတယ်။ဒါပေမယ့် ကျွန်တော့်စာအုပ်စင်က အိမ်မက်အကြောင်းဆိုတဲ့စာအုပ်ကိုဖတ်ကြည့်မိတဲ့အခါမှာတော့ – “သေမင်းကို မြင်မက်ပါက
    ပျော်စရာတွေ့ ရလတ္တံ”ဟုပြောထားပါတယ်ဆရာ။တိုက်တိုက်ဆိုင်ဆိုင်အဲဒီနှစ်မှာဘဲ
    ကျွန်တော်ရဲ့ ကွဲကွာနေသော မိတ်ဆွေသူငယ်ချင်းများကိုလည်းကောင်း ၊ မောင်နှမသားချင်းများကိုလည်းကောင်း ပြန်ပြီးတွေ့ ခဲ့ရပါတယ်။ပျော်စရာကောင်းတဲ့
    အနေအထားအခြေအနေကိုလည်းရရှိခဲ့ပါတယ်။ဒါကတော့ ကျွန်တော်ရဲ့  အိမ်မက်ထဲက တစ်ခုအကြောင်းပေါ့….။ ကျေးဇူးတင်ပါတယ် ဆရာ… ကျန်းမာပါစေ။

  3. ဒါဟာလည်း အိပ်မက်ရဲ့ ထူးဆန်းတဲ့ အချက်တစ်ခုပါဘဲ။ တစ်ချို့အိပ်မက်တွေဟာ ဆန့်ကျင်ဘက် အဓိပ္ပါယ်မျိုး ထွက်တတ် ပါတယ်။ အခုလိုမျိုးပေါ့။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အိပ်မက်ဖွင့်ဆိုချက်တွေ ကွဲလွဲမှုတွေ ရှိတတ်တယ်။ မက်ပုံခြင်း တူပေမယ့် အဖြစ်အပျက်ခြင်း မတူတာတွေ တွေ့ရဘူးတယ်။

  4. i really like this post. thanks…

  5. မင်္ဂလာပါဆရာ
    ဆရာ့ဆီကို ခဏခဏ ရောက်ဖြစ်ပါတယ်။ ကော့မန်းမရေးဖြစ်ခဲ့တာပါ။ ဆရာ့ရဲ့ အိပ်မက်နဲ့ ပက်သက်တဲ့ ပိုစ့်က အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်။ ကျနော်လည်း ထူးဆန်းတယ်လို့ ယူဆရတဲ့ အိပ်မက်မျိုးမက်ဖူးတယ်ဆရာ။ အဲဒီအိပ်မက်ကို ဘယ်တုန်းက မက်တာကိုတော့ မမှတ်မိဘူး။ ဒါပေမယ့် အိပ်မက် ကမှတ်မိလွယ်တဲ့ အိပ်မက်မျိုးပါ။ အိပ်မက်ထဲမှာ ကျနော်နဲ့ သူငယ်ချင်း တစ်စုက မြင်းလှည်းငှားပြီး ရွာထဲကို ၀င်တဲ့လမ်းအတိုင်းစီးသွားကြတယ်။ လမ်းကလည်း မြေနီလမ်းလေးနဲ့ တော်တော်လေးဝင်ရတယ်။ ပြီးတော့ မီးရထားလမ်းတစ်ခုကိုလည်းဖြတ်သွားရသေးတယ်။ ပြီးတော့ အိမ်တစ်အိမ်ကိုရောက်သွားတယ် အဲဒီအိမ်မှာ သူငယ်ချင်းတွေနဲ့ မုန့်စားကြတယ်။ အိပ်မက်ကတော့ အဲဒီလောက်ပါပဲ။ အိပ်မက်ကတော့ တော်တော်လေးတော့ကြာပြီး မက်တာပါဆရာ။ အဲလိုနဲ့ ကျနော် ဖားအောက်ရွာရှေ့က GTC (မော်လမြိုင်) ဒုတိယနှစ်မှာ မြင်းလှည်းငှားပြီး သူငယ်ချင်းတွေနဲ့ စီနီယာ အစ်မတစ်ယောက်ရဲ့အိမ်ကို အလည်သွားပါတယ်။ အဲဒီမှာ ဖားအောက်ရွာဝင်တဲ့လမ်းကလည်း တော်တော်ဝင်ရတယ် ပြီးတော့ ရထားလမ်းတစ်ခုကိုလည်းဖြတ်ရတယ်။ အဲဒီချိန်မှာ ကျနော် ဒီလိုအဖြစ်အပျက်မျိုးကို ရင်းနှီးနေသလိုခံစားရတယ်။ ခဏနေတော့ အဲဒီအိပ်မက်အကြောင်းကို စဉ်းမိလာတယ်။ ကျနော်အိပ်မက် မက်တုန်းက သူငယ်ချင်းဆိုတာကလည်း GTC ရောက်မှ သိတဲ့သူငယ်ချင်းတွေပါ။ အိပ်မက်မှာတုန်းက မသိတဲ့သူတွေနဲ့ သူငယ်ချင်းဖြစ်နေတာပါ။ အဲဒီတော့ အိပ်မက်က ထူးဆန်းတယ်လို့ ပြောရမလားပဲဆရာရေ . . .

  6. Please carry on write, Sayar…..very interesting…….. waiting for your next post… May peace be upon you, sayar…

  7. ဆ၇ာ…ကျမလည်းထူးဆန်းတဲ.အိပ်မက်တွေမက်တတ်ပါတယ်ပြော၇၇င်အ၇ှည်ကြီးဖြစ်သွားမှာစိုးလို့
    အခွင်.သာလို.ပြောခွင်.၇တဲ.အခါကျှပြောပြချင်ပါတယကွယ်လွန်သွားတဲ.ကျမသူငယ်ချင်းတယောက်က
    ကျမဒုက္ခေ၇ာက်တိုင်းဘယ်လိုလုပ်၇င်အဆင်ပြေမယ်ဆိုတာအိပ်မက်ထဲမှာလာလာပြောပါတယ်
    ပထမဒိလိုပဲနေ၇ာကသူပြောသလိုလုပ်ကြည်.လိုက်တာအဆင်ပြေသွားတာနဲ.နောက်ပိုင်းသူ.ကိုမက်၇င်
    သတိထားကြည်.မိပါတယ်ထူးခြားတာကသူ.ကိုမက်ပြီးတိုင်းကောင်းတဲ.ကိစ္စတွေပဲဖြစ်လာတတ်ပါတယ်
    ၃ခါလာပြီး၎ခါမြောက်မှာသူအ၀တ်စားသစ်တွေပြောင်ပြောင်လက်လက်နဲ.ကျမကိုနူတ်ဆက်ပါတယ်
    အဲဒိနောက်ပိုင်းကျမသူ.ကိုအိပ်မက်မမက်တော.တာ၂နှစ်ကျော်သွားပါပြီသူဆုံးသွားတုန်းက
    ကျမနိုင်ငံခြားမှာပါသူများပြောမှဆုံးသွားကြောင်းသိ၇တာပါ

  8. ဆရာရေ..ဆုံးသွားတဲ့ ကျွန်မရဲ့ အဖွားက ကျွန်မတို့ အိမ်မှာ နေချင်တယ်လို့ အိမ်မက်ထဲမှာလာပြောပါတယ်..အိမ်ပေါက်ဝလေးမှာ ရပ်ပြီး..ကျွန်မက လက်မခံလို့ ပြန်ထွက်သွားတယ်..အရင်တုန်းက အဲလိုမျိုး သေတဲ့သူတွေ အိမ်မှာ လာနေချင်တယ်လို့ အိမ်မက်ပေးတယ်ဆိုတာ သူများပြောသံကြားပြီး စာအုပ်ထဲမှာဘဲ ဖတ်ခဲ့ရတာပါ..အခု ကျွန်မက လက်တွေ့ တကယ်ကြုံရတာပါ…

  9. Dear Sayar Bo,

    I noticed that there are 2 types of dreams. “Multi colourful” dreams and “just black and white” dreams. A person who dreams colourful dreams always dreams in multi colours. Vice versa; Black and white dreamers never have multi colour dreams. I am a “black & white” dreamer. How about your dreams..Sayar?

  10. မင်္ဂလာပါဆရာ
    ဆရာ့ဆီကို ခဏခဏ ရောက်ဖြစ်ပါတယ်။ ကော့မန်းမရေးဖြစ်ခဲ့တာပါ။ ဆရာ့ရဲ့ အိပ်မက်နဲ့ ပက်သက်တဲ့ ပိုစ့်က အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်။ ကျွန်မ ကတော့ တစုံတယောက်ကို မနက်ဖြန်မှပြောမယ်လို့ စဉ်းစား၇င် အိမ်မက်ထဲမျာပြောပြီးနေပြီ…ကျေးဇူးတင်ပါတယ် ဆရာ… ကျန်းမာပါစေ။

  11. စုစုမာ

    ဆရာ
    ကျွန်မရဲ့အိပ်မက်ကတော့ ထူးထူးဆန်းဆန်းပါဆရာ………။ ကျွန်မ အိပ်မက်ထဲမှာ အမျိုးသားရဲ့ အဖွားကလာပြီး အိမ်မှာ ချက်ပြုတ် တံမြက်စည်းလှည်းနေတာကိုတွေ့ရပါတယ်။ အိပ်မက်ထဲမှာပဲ သူ့ကို ကျွန်မယောက္ခထီးကြီးရဲ့ အမေလို့ ကောင်းကောင်းကြီးသိနေပါတယ်။ တကယ်တမ်းကျတော့ အဲဒီအဘွားကြီးကိုမပြောနဲ့ ကျွန်မရဲ့ ယောက္ခထီးကြီးကိုတောင် မမြင်ဘူးလိုက်ပါ။ အိမ်ထောင်ကျတော့ သူတို့ကဆုံးပါးသွားကြပါပြီ။ မိုးလင်းတော့ ခင်ပွန်းသည်ကို မေးကြည့်တဲ့အခါ ကျွန်မအိပ်မက်ထဲက အဘွားကြီးရဲ့ ပုံသဏ္ဍာန်ဟာ သူ့အဘွားရဲ့ ပုံစံနဲ့ ထပ်တူ တူနေတယ်လို့ပြောပါတယ်။
    ကျွန်မတော့ ကြောက်လွန်းလို့ အသံတောင်မထွက်နိုင်ပါဘူး။

  12. ကျွန်တော့်ရဲ့ ကိုယ်တွေ့ကလေးကို ရေးခဲ့ချင်ပါတယ် ဆရာ။ ကျွန်တော်ဟာ မြန်မာဗုဒ္ဓဘာသာဝင် မိဘများမှ ပေါက်ဖွားလာသော်လည်း ဘာသာရေးကိုင်းရှိုင်းခြင်း မရှိပါ။ ရှေ့ဘဝနောက်ဘဝတွေကိုလည်း သူများပြောရင် နားထောင်ပြီး အမြဲ ဒဏ္ထာရီလို သဘောထားခဲ့ပါတယ်။
    ကျွန်တော့်မှာ ငယ်ငယ်ကတည်းက ပြုစုစောင့်ရှောက်လာတဲ့ အဖွားရှိပါတယ်။ အဖွားနဲ့ ငယ်ငယ်ကတည်းကနေတော့ အတော်သံယောဇဉ်ရှိကြပါတယ်။ အဖွားကင်ဆာရောဂါဖြစ်လာပြီး သေလုမျောပါး ဖြစ်လာချိန်မှာ ကျွန်တော့်ကို အိမ်က ကျောင်းဆက်မထားနိုင်တော့လို့ စစ်ကိုင်းကို ပို့လိုက်ပါတယ်။

    စစ်ကိုင်းမှာ ကျောင်းတက်နေစဉ် အဖွားကို အိပ်မက်နေ့တိုင်းလိုမက်ပါတယ်။ မက်တဲ့အခါတိုင်း အဖွားက သူနဲ့ရန်ကုန်ကို ပြန်လိုက်ခဲ့ဘို့ ခေါ်တာပါ။ ကျွန်တော်ကလည်း အဖွားလာခေါ်တိုင်း ကျောင်းဆက်တက်ချင်ကြောင်း ပြောပြီး အဖွားကို ငြင်းလွှတ်ပါတယ်။ ဒီအိပ်မက်ကို နေ့တိုင်းဆက်မက်လာလိုက်တာ လနဲ့ချီ ကြာပါတယ်။ နောက်တော့ မမက်တော့ပါဘူး။

    နောက်မှ အိမ်က ကျွန်တော့်ကို ပြောတာက အဖွားဟာ သတိမေ့သွားလိုက်တာ ၂ပါတ်ခန့်ကြာတယ်လို့ ပြောပါတယ်။ အဲဒီနောက်မှ ဆုံးတာပါတဲ့။ သူမျောသွားတဲ့နေ့တွေဟာ ကျွန်တော်အိပ်မက် မက်တာနဲ့ တိုက်ဆိုင်ပါတယ်။ အဖွားဆုံးတော့ ကျွန်တော့်အသက် (၁၆) နှစ်ရှိပါပြီ။

    အဖွားဆုံးပြီးတော့ နောက်ပိုင်းမှာ အိပ်မက်ဆက်ပါတယ်။ ဒီအိပ်မက်တွေမှာတော့ အဖွားကို လမ်းပေါ်မှာ ထိုင်နေတာ တွေ့ရတာပါ။ တခုခုရောင်းနေတာမျိုး တောင်းစားနေတဲ့ ပုံစံမျိုးနဲ့ပါ။ အဖွားဟာ အမြဲညှိုးငယ်နေပါ တယ်။ ကျွန်တော့် ကိုလည်း စကားလုံးဝမပြောပါ။ ကျွန်တော်က အဖွားကို ဆင်းဆင်း ရဲရဲတွေ့ရလို့ စိတ်မကောင်းဖြစ်ပြီး စကားပြောဘို့ ကြိုးစားရင် အဖွားက ကျွန်တော့်ကို ဝမ်းနည်းတဲ့ မျက်လုံးတွေနဲ့ သာ စိုက်ကြည့်နေပြီး စကားတစ်လုံးမှ ပြန်မပြောပါ။ ဒီလို ဆင်တူရိုးမှား အိပ်မက်တွေကို ပုံမှန်မက်လာလိုက်တာ ကျွန်တော့်အသက် ၂၉ နှစ်အထိပါပဲ။ ကြာလာတော့ စိတ်ဓါတ်ကျဆင်းလာပါတယ်။ အဖွားကို သနားတဲ့ စိတ်နဲ့ပါ။ စိတ်ထဲမှာလည်း တခုခုလွဲနေတယ်လို့ ထင်လာပါတယ်။

    ဒီအကြောင်းကို အသိအဒေါ်ကြီးတစ်ယောက်ကို ပြောပြလိုက်တဲ့အခါ အဒေါ်ကြီးက ကျွန်တော့်အဖွား မကျွတ်နိုင်သေးပဲ ပြိတ္တာဘဝရောက်နေတယ်လို့ ပြောပါတယ်။ ကျွတ်အောင်လုပ်ဘို့လိုလို့ ကိုယ့်ကို အကူအညီလာတောင်းတာပါတဲ့။ ဒီလိုနဲ့ပဲ ဘုန်းကြီးကျောင်းရောက်သွားတယ် ဆိုပါစို့။ ဘုန်းကြီးကို အကျိုးအကြောင်း ရှင်းပြတဲ့အခါ ဘုန်းကြီးက တဆင့် ကျွတ်လွတ်အောင် နာမည်ခေါ်၊ တရားနာ ဆွမ်းကျွေးလုပ်ရပါတယ်။ အဲဒီနောက်မှာတော့ အဖွားကို အိပ်မက် တခါ ထပ်မက်ပါတယ်။ အဲဒီတခေါက်ဟာ နောက်ဆုံးနဲ့ အကောင်းဆုံး အိပ်မက်ပါ။ အိပ်မက်ထဲမှာ အဖွားဟာ ဖြူဖွေးနေတဲ့ ပိတ်အကျီကို ဝတ်ထားပြီး ပြုံးလို့နေပါတယ်။ စကားပြောမပြောတော့ မမှတ်မိတော့ပါ။

    ကျွန်တော့်အတွေ့အကြုံကတော့ ဒီလောက်ပါပဲ ဆရာ။ ကျွန်တော်လည်း အဲဒီနောက်ပိုင်းမှာ ဗုဒ္ဓဘာသာအဖြစ်ကို လုံးဝရောက်ရှိခဲ့ပါတယ်။ ကံကံ၏ အကျိုးကိုလည်း ပိုပြီး ယုံကြည်လာပါတယ်။

    လေးစားစွာဖြင့်

    သက်သက်

  13. အိပ်မက်ဟာ လူသားတွေနဲ့ နာမ်လောကက ပုဂ္ဂိုလ်တွေ ဆက်သွယ်လို့ရတဲ့ နေရာတစ်ခုဖြစ်နိုင်တယ် ဆိုတဲ့ ကိစ္စ ယုံကြည်ပါတယ်။

  14. မိုးမိုးသန်း

    အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဆရာ ကျမ ဂျပန်စကော်လာတင်ထားတုန်းမက်တဲ့အိပ်မက်လေးကို ပြောပြချင်ပါတယ် တခါမှမဖူးဖူးသေးတဲ့ဘုရားကြီးတစ်ဆူကိုသွားဖူးတာ အဲဒီမှာ အစောင့်တွေရှိတယ် လူတွေလည်းအများကြီးပဲဆရာ ကျမအပါအ၀င် 3 ယောက်ကို သူတို့က ၀င်ကြေးမလိုဘူး အထူးဧည့်သည်အနေနဲ့ဝင်ခွင့်ပေးတယ် အဲဒီ 3 ယောက်ထဲမှာ ကျမကရှေးဆုံးကပဲ ဘုရားပေါ်ရောက်သွားတော့ မတွေ့တာကြာတဲ့သူငယ်ချင်းတွေနဲ့တွေ့တာ အရမ်းပျော်တယ်လို့ အိမ်မက်မက်တယ် တစ်လလောက်ကြာတော့ စကော်လာက လက်ခံကြောင်းစာရတယ်ဆရာ တိုက်ဆိုင်တယ်ပြောရမလားပဲ

  15. ဆရာ
    အိမ်မက် ထဲမှာ လူတစ် ယောက် ဟာ သူ. ရဲ. က လီ စာ တွေ ကို ထုတ် လိုက် ပေ မယ်. လည်းသူ က လူ ကောင်းတစ်ယောက် လို ပဲ သွား နေ ပါ တယ် ဆ ရာ။ ကောင်း ကျိုး ဆိုးကျိုး တွေ ကို သိ ချင် ပါ တယ် ဆရာ။

  16. အိန်ဂျယ်

    ဆရာရှင့် – အိမ်မက်တိတ္ထုံစာအုပ်များဘယ်မှာများရနိုင်ပါမလဲရှင့်၊ အိန်ဂျယ် ပြည့်ဝခါနီးလမင်းကြီးကိုကောင်းကင်မှာ သန့်ရှင်းစွာစင်ကြယ်စွာ ကြယ်များနဲ့တွေ့ရတယ်လို့ အိမ်မက်ပါတယ်ရှင့်။ ဘာအဓိပ္ပွါယ်များလဲဆိုတာ ဆရာပြောပြနိုင်မလားရှင့်၊ ကျေးဇူးတင်ပါတယ်ရှင့်။

  17. ကျမ လူသေ အခေါင်း ၂ခု ကို ဆွဲယူလာရတယ်လို့အိပ်မက် ပါတယ်။ အဲဒီ အဓိပ်ပယ် သိချင်ပါတယ်။

  18. အိမ်မက်နဲုလူတစ်ယောက်ရဲဘဝဆိုတာဆက်ဆက်နေလားအိမ်မက်ကကော့ကံ့ကြမာကိုအဆုံးအဖြတ်အေးနိင်လား

  19. ကျွန်တော်အရမ်းကို စိတ်ဝင်စားပါတယ် ဆရာ။ဘာလို.လဲဆိုတော.ကျွန်တော်က အိပ်မက်မမက်ပဲအိပ်ရတဲ.နေ.ဆိုတာမရှိသလောက်ပါပဲ။ကျွန်တော်ညတိုင်းမက်ခဲ.တာ ၁၈ နှစ်လောက်ကိုရှိပါပြီ။မက်ခဲ.တဲ.အိပ်မက်တော်တော်များများ ဆရာပြောထားတဲ.အတိုင်းပါပဲ။တခါတခါဆိုရင် ညကမက်တဲ.အတိုင်းနောက်နေ.မှာထပ်ထူဖြစ်နေတတ်ပါတယ်။ဘ၀အတွက် အရေးကြီးတဲ.ကိစ္စမျိုးတွေတော.မဟုတ်ပါဘူး။အချိန် နေရာ လူ ပြောတဲ.စကားအတိအကျပါပဲ။င်္နနက်လင်းခါနီးမက်တဲ.အိပ်မက်တွေကအမှန်ဆုံးပါပဲ။ဥပမာ အိပ်မက်မှာ သူငယ်ချင်းတစ်ယောက်နဲ.တွေ.တယတဆိုပါတော.။မက်ပြီး နောက် တပတ်အတွင်း (သို.) တစ်ရက်နှစ်ရက်အတွင်း.မှာ အဲဒီသူငယ်ချင်းမဟုတ်ပေမယ်. အခြားသူငယ်ချင်းတစ်ယောက်ယာက်နဲ.တွေရပါတယ်။တော်တော်များများက နိမိတ်ပုံအနေနဲ.တွေ.ရတတ်ပါတယ်။အထူးခြားဆုံးကတော. အိပ်မက်တခုထဲကို အသက်အရွယ်အပိုင်းအခြားအလိုက် ၃ ခါ ပြန်မင်တာပါပဲ ဆရာ။ပုံစံမတူပေမယ်. ရည်ရွယ်ချက် ကအတူတူပါပဲ။ကျွန်တော်.ဘ၀အတွက်အရမ်းကိုရေးကြီးလို. အရမ်းလဲတုန်လှုပ်မိပါတယ် ဆရာ။ကျွန်တော် အိပ်မက်တွေမမက်ချင်တော.ဘူးဆရာ။ဘယ်လိုလုပ်ရမလဲ ကူညီနိုင်ရင်ကူညီပေးပါ။ညအိပ်တဲ.အချိန်မှာ မျက်လုံးလေးမှိတ်လိုက်တာကိုသိလိုက်ရပြီးပြန်ဖွင်.လိုက်တဲ.အချိန်မှာ နံနက်လင်းနေတဲ. ခံစားမှုမျိုး ကျွန်တော်တစ်ခါပဲမှတ်မိခံစားဘူးပါတယ်။ကျွန်တော်ကအချိန်တိုင်းတွေးနေတတ်တဲ..လူစားမျိုးပါ။စိတ်မရှင်းတာလဲပါမှာပေါ.ဗျာ။ဆရားတော.ထိုင်ဘူးပါတယ်။ ၈ တန်းကျောင်းသားလောက်ကထိုင်ခဲ.တော. အဲဒီအချိန်မှာ မက်လားမမက်လားသိပ်မမှတ်မိတောဘူးဗျ။ကျွန်တော်က အခု အသက် ၂၈ ပြည်.ပြီးပါပြီ။

  20. I really want to read part 3.
    Thanks Sayar.

  21. အိပ်မက်ထဲမှာအမျိုးသမီးတစ်ယောက်ကသူနှင့်လိုက်ခဲ့ဖို့အတင်းခေါ်နေတယ်ဆရာ။အဲ့ဒီအမျိုးသမီးကိုအပြင်မှာလည်းမတွေ့ဘူးပါဘူး။ဒါပေမယ့်သူကသူနှင့်လိုက်ခဲ့ဖို့ဇွတ်စွဲခေါ်တယ်လို့မက်တယ်ရှင့်။အဲ့ဒါဘာဖြစ်လို့လဲဆိုတာလေးသိရင်ဖြေပေးပါရှင့်။

  22. များသောအားဖြင့် ဒီအိမ်မက်မျိုးဟာ ကျန်းမာရေး ညံ့နေစဉ်မှာ မက်တတ်တယ်။ ဒါမှမဟုတ် ဒီလို အိပ်မက်မျိုးမက်ပြီး ကျန်းမာရေး ညံ့လာတတ်တယ်။ တွေ့ဘူးတဲ့ လူတော်တော်များများက တော့ လိုက်ဖို့ငြင်းကြတဲ့သူတွေချည်း ဖြစ်နေတယ်။ တကယ်လို့ လိုက်မယ်လို့ သဘောတူလိုက်ရင် ဘာတွေဖြစ်လာမလဲ မသိပါ။ ဒီလိုလူမျိုးတော့ မတွေ့ဘူးသေးပါ။

  23. ဆ၇ာ အိမ်မက်ထဲမှာအလောင်းတလောင်း မျောလာတာတွေ.၇တယ် ဆ၇ာေ၇ကလည်းစီးနေတယ်ဆ၇ာ

  24. ဆရာရေ အိပ်မက်နဲ့ပတ်သက်ပြီး လေးလေးနက်နက်စိတ်ဝင်စားသူတစ်ယောက်ပါ။ အိပ်မက်တွေကိုလည်း ခဏခဏမက်ဖူးပါတယ်။ ထူးဆန်းတာရှိသလို သာမန်အိပ်မက်တွေလည်းအများကြီးပေါ့။ ဒါပေမဲ့ ထူးဆန်းတဲ့အိပ်မက်တွေဆိုရင် စိတ်ထဲက အလိုလို ခံစားသိနေသလိုပဲဆရာ။ နိမိတ်တွေကို တခါတလေကိုယ့်ဘာသာကို မှတ်ချက်ချပြီး စောင့်ကြည့်တာမျိုး လုပ်ဖူးတယ် မှန်တဲ့အခါတွေရှိခဲ့ပါတယ်။ အိပ်မက်က နိုးနိုးချင်း ရေးထားတာမျိုးလည်းလုပ်တတ်တယ်။ စိတ်ဝင်စားလို့ အပိုင်းဆက်တွေ မြန်မြန်တင်ပေးပါလားဆရာ… အားပေးလျှက် (TYZ)

  25. ဆရာ….
    အိမ်မက်ထဲမှာလေယျာဉ်ပျံပျက်ကျတာကိုခဏခဏမက်ပါတယ်…
    လေယျာဉ်ပျံကိုမော့ကြည့်နေတုန်း ကိုယ့်အပေါ်တည့်တည့်ထိုးကျလာတာမျိုး၊
    မျက်စိရှေ့မှာ ပျံနေတဲ့လေယျာဉ် ထပြီးပေါက်ကွဲသွားတာမျိုး၊
    မရေမတွက်နိုင်အောင်မက်ပါတယ် ဆရာ….
    ကျွန်မ မြန်မာနိုင်ငံကိုခွင့်နဲ့ပြန်ဖို့နီးပါပြီဆရာ…
    ကျေးဇူးပြု၍ ဖြေကြားပေးပါ…

  26. burmese classic book shelf မှာdown ပါ။

  27. ဆရာ ၇ှားပါးစာအုပ်လေးများတင်ပေးပါလားခင်ဗျာ အထူးသဖြင်.အယူတော်မင်ဂလာ….

  28. မေဖြိုး

်ဆရာညကသမီးအိမ်မက်တစ်ခုမက်ပါတယ်. ညကဆိုတာထက်၁နာရီနောက်ပိုင်းလောက်ဖြစ်မယ်. သမီးသွားနေတဲ့အိမ်မှာဇော်ဂျီကပြတင်းပေါက်က၀င်လာပြီး မိုးပေါ်မှာပျံဝဲ နေကြတယ်. သမီးခေါင်းပေါ်ကနေ၀ဲနေတာပါ. တစ်အိမ်လုံးကနှံ့ဝဲနေတာပါ. သမီးကဇောဂျီဆိုပြီးပြောလိုက်သေးတယ်. ပြီးတော့ပြတင်းပေါက်ပြန်ထွက်သွားတာလိုက်ကြည့်လိုက်တော့လူတွေကရှင်အဇ္ဖဂေါဏနောက်ကိုလိုက်နေကြတယ် သမီးကိုယ်တိုင်လဲအနီးကပ်ဖူးရတယ်. ဆုလဲပေးခံရတယ်. ဘာလဲဆိုတာသေချာတော့မကြားဘူး. ပြီး တော့ရှင်အဇ္ဖဂေါဏကဇော်ဂျီနဲ့ထွက်သွားတော့လူတွေကအများကြီးပဲနောက်ကလိုက်သွားကြတယ်. သမီးလှမ်းကြည့်လိုက်တဲ့အခါမှာတောင်ပေါ်ကိုတက်သွားတာတွေ့လိုက်ရတယ်. ဘာကိုမက်တာလဲဆိုတာသမီးမတွေးတတ်ဘူး. သမီး က ရွှေတိဂုံမှာအဓိဠာန်ဝင်ထားတာတော့ကြာနေပြီ မနက်တိုင်းသွားတယ် ၁လလောက်တော့ရှိပါပြီ ဘာမှမတွေးမိဘဲမက်လိုက်တော့လေ သမီး ထူးဆန်းနေလို့

  29. မေဖြိုး

    ဆရာသမီးအိမ်မက်ကိုဖြေပေးပါအုံးနော်

  30. မောင်မောင်

    ဆရာ
    ကျနော် အရင်တုန်းက အိပ်မက်တွေကို အယုံအကြည်မရှိပါ။သို့သော် ခု၅နှစ်အတွင်း မက်တဲ့ အိပ်မက်တွေကြောင့် အိပ်မက်အကြောင်း လိုက်လေ့လာရင်း တော်တော်ကို စိတ်ဝင်စားမိပါတယ်။ ကျနော် အိပ်မက်မက်ပုံ က နောက် တပတ် နှစ်ပတ် ဖြစ်လာမယ့် အကြောင်းအရာတွေကို ကြိုကြိုပြီး မက်နေတာပါ။ လုံးဝကွက်တိကြီး မက်တာပါ ဆရာ။ အိပ်မက်မက်ပြီးစဉ်မှာ အမှတ်တမဲ့ပေမယ့် အဲဒီအတိုင်း ကြုံလာရတဲ့အခါမှသာ ဒါကို အိပ်မက်မက်ဖူးကြောင်း ပြန်မှတ်မိတာပါ။ တပတ်လောက်ကြိုမက်တယ်ဆိုပေမယ့် တခါတလေ ၃လလောက် ဘာမှ မမက်ဘဲနေတာမျိုးလည်း ရှိပါတယ်။
    အိပ်နေစဉ်မှာ လူရဲ့ လိပ်ပြာက အပြင်ထွက်ပြီး ၀ိညာဉ်လောကမှာ ကျက်စားတယ်လို့ ကျနော်ကြားဖူးပါတယ်။ ဒါပေမယ့် ခုဟာက အနာဂတ်ကို ကြိုမြင်ရတာဆိုတော့ ဒီလိပ်ပြာဟာ time and space ကို bending လုပ်နိုင်တယ်လို့ ယူဆရမှာလား ဆရာ။

  31. ဆရာခင်ဗျား-
    ကျွန်တော်လည်း လူသေအလောင်း အသုဘရုပ်ကလပ်ကို အိမ်မက်မက်တာ ၄ခါ၊ ၅ခါလောက်ရှိပါပြီ။ နောက်ဆုံးအကြိမ်မက်တာတော့ ဒီဇင်ဘာ ၄ ရက် ၂၀၁၁ ညပါ။ (၅ ရက်နေ့ ထဲရောက်နေပါပြီ။ ညအိပ်ရာဝင်တာနောက်ကျပါတယ်။) မယားညီအကိုရဲ့ အဖေရုပ်ကလပ်ကှို အိမ်ရှေ့ခန်းထဲမှာသိပ်ထားပြီး မယားညီအကိုရယ် ကျွန်တော်အပါအ၀င် လေးယောက်လောက် တူတူအိပ်ကြတာတဲ့။ အသုဘချပြီးသည်အထိပေါ့။ အိမ်ရှေ့ခန်းပေါ်လစ်ပြောင်ပြောင်မှာ ပေကျံခဲ့တာထိမက်ခဲ့ပါတယ်။ လုံးဝကြောက်လန့်ခြင်းမရှိပါ။ သူကတော့နေ့ခင်းက သူ့မိသားစုနဲ့တူတူ ကျွန်တော့အိမ်ကိုလာလည်သွားပါတယ်။ သူ့အဖေနဲ့ကျွန်တော်က ဘာမှအဆက်အစပ်မရှိပါခင်ဗျာ။ မနှစ်က အလှုမှာတကြိမ်ဘဲတွေ့ဖူးပါတယ်။
    ကျွန်တော်ကတော့ဘယ်လိုမှ ဘာသာမပြန်တတ်ပါဘူးခင်ဗျာ။ ဆရာရော ဘယ်လိုများနားလည်ပါလဲဆရာ။

    လေးစားစွာဖြင့်
    ဇေယျာ

  32. ရှေ့ဖြစ်မှာတွေကို ကြိုမက်တာကို ဆရာလည်း မကြာခဏ ဖြစ်ဘူးပါတယ်။ အမြဲတန်းတော့ မဟုတ်ပါ။ အိမ်မက်တစ်ခုဟာ မကြာခဏမက်ပေမယ့်လည်း ဘာမှ ဖြစ်မလာတာလည်း ရှိပါတယ်။ အိပ်နေစဉ်မှာ လိပ်ပြာခန္ဓာ ထွက်ပြီး ကျက်စားတယ်ဆိုတာ “မဟာဂန္ဓာရီလိုင်း” က အယူအဆဖြစ်ပြီး ဗုဒ္ဓဘာသာကတော့ လက်မခံပါဘူး။ ဗုဒ္ဓရဲ့ အယူအဆကတော့ လိပ်ပြာ (သို့) ၀ိညဉ် ဆိုတဲ့ ကိုယ်ခန္ဓာထဲက ထွက်ခွာသွားတတ်တဲ့ အရာ မရှိဘူးလို့ ယူဆပါတယ်။
    ဒါပေမယ့် ဘာသာရေးကို ခဏဖယ်ထားပြီး ပြောရရင်တော့ အိပ်နေစဉ် “လိပ်ပြာခန္ဓာ” ထွက်ခွာတာဟာ ဖြစ်နိုင်ချေ ရှိတဲ့ အယူအဆ တစ်ခုဖြစ်နိုင်တယ်။ ဆရာကိုယ်တိုင် အတိတ်ဘ၀တွေ နဲ့ အနာဂါတ်မှာ ဖြစ်လာမှာတွေကို အိပ်မက်ထဲမှာ ထင်ထင်ရှားရှား မက်ဘူးတော့ လိပ်ပြာခန္ဓာဟာ (ရှိခဲ့မယ်ဆိုရင်) အချိန် ၊ နေရာ ၊ ကာလ ကန့်သတ်ချက်တွေကို လွန်မြောက်နိုင်တယ်လို့ ယူဆရမှာဘဲ ဖြစ်တယ်။ အချိန် ၊ နေရာ ၊ ကာလ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး လိပ်ပြာခန္ဓာနဲ့ မဟုတ်ဘဲ ပကတိ ကိုယ်ခန္ဓာနဲ့တောင်မှ အတိတ် နဲ့ အနာဂါတ်ကို (တစ်နေ့နေ့ တစ်ချိန်ချိန်မှာ) ကူးလူးသွားလာနိုင်လိမ့်မယ် ဆိုတဲ့ အယူအဆကို ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး “အိုင်စတိုင်း” ကလည်း လက်ခံတယ်လို့ ပြောကြတယ်။ ဒီတော့ ကိုမောင်မောင်ရဲ့ အယူအဆဟာ ဖြစ်နိုင်တယ်လို့ဘဲ ပြောရတော့မှာပေါ့။

  33. မနှင်းဆီ

    အိမ်မက်မက်ပြီး ၂ နှစ်လောက်ကြာပြီးမှ အဲဒီအိမ်မက်ထဲကနေရာကိုရောက်ဖူးတာတစ်ခါ။ အရေးပေါ် အခြေအနေနဲ့ ဆေးရုံတင်ထားတဲ့လူ ဆုံးမယ့်အကြောင်းကို ၃ နာရီလောက်စောပြီးမက်တာတစ်ခါတော့ ကြုံဖူးတယ်ဆရာ။နောက်ပြီး တခြားနိုင်ငံတစ်ခုမှာ ကြီမားတဲ့ ငလျင် လှုပ်မှာကို ၁ရက်စောပြီး အိမ်မက် မက်ဖူးတယ် ဒါပေမယ့် ဘယ်နိုင်ငံ ဘယ်အချိန်မှာ လှုပ်မယ် ဆိုတာမသိခဲ့ဘူး ။ငလျင်လှုပ်ပြီးမှ အိမ်မက်ထဲက လိုဖြစ်နေတာကို သိရတာပါ ။ခုနောက်ပိုင်းတော့ အဲလို အိမ်မက်မျိုးမမက်တာကြာပါပြီ ။

  34. ဆရာ အိပ်မက်ထဲမှာ လူ နှစ်ယောက် သတ်ပုတ်နေတာကိုတွေတယ်။အဲလူ နှစ်ယောက်လို ပဲ အခြား နှစ်ယောက်လည်းပဲ သတ်ပုတ်နေကြတယ်။သတ်ပုတ်နေရင်း တစ်ဘက် လူနှစ်ယောက် လက်နှစ်ဘက်စလုံး တစ်ဒေါင်ကွေးမှ ပြတ်သွားတယ်။ဒါပေမဲ့ ပြတ်သွားတဲ့ လက်တွေက ဟိုတစ်ဘက်က ရန်သူကို ပြန်ခုခံမှု့က အားကောင်းပါတယ်။လက်ပြတ်နေတဲ့သူက နိုင်နေသလိုပဲ။တဖြည်းဖြည်းနဲ့ တိုက်ခိုက်ရင်း လက်ရှိတဲ့သူက ပိုအားကောင်းလာပြီး တိုက်ခိုက်ပြန်တယ်။နောက်ဆုံး လက်ရှိတဲ့သူတစ်ယောက်က ဒုံးကြည်နှစ်လုံးကို လေပေါ် ပစ်တင်ပါတယ်။ပထမ ဒုံးကြည်က ကောင်းကင် အမြင့်တစ်နေရာ ကို ရောက်သွားပြီး ပြန်အကျမှာ ရေပေါ်ပြန်ကျသလို အသံမျိုးကြားရပါတယ်။ဒုတိယ တစ်လုံးကတော့ ပထမ အလုံးလောက်တော့ အမြင့်ကို ရောက်မသွားဘူး။ပြန်အကျမှာ ရေပေါ်ပြန်ကျတဲ့အသံက ပိုကြည်သလို အိပ်မက် မက်ပါတယ် ဆရာ။ ဒီတော့ အခု ကျွန်တော်သိချင်တာက ဘယ်လိုအတိတ်နိမိတ်လဲလို့သိချင်ပါတယ်ဆရာ။

  35. ငယ်လေး

    တနေ့ကကျွန်မအိပ်မက်တစ်ခုမက်ပါတယ်။ အိပ်မက်ထဲမှာကျွန်မကို လူတွေလား၊သရဲကလူယောင်ဆောင်ထားတဲ့လူတွေလား မသဲကွဲတဲ့ လူတွေက လိုက်သတ်ဖို့ကြိုးစားနေကြပါတယ်။ ကျွန်မတောထဲကနေ သူတို့အလစ်မှာထွက်ပြေးပြီး လူတွေနေတဲ့ မြို့အထိကို တော်တော်ပင်ပင်ပန်းပန်းပြေးရပါတယ်။ လူတွေထဲရောက်ပေမယ့် မလွတ်နိုင်ဘူးဆိုတဲ့စိတ်ကရှိနေတောပ ကြောက်စိတ်ကလျော့မသွားပါဘူး။ အဲဒါနဲ့ နောက်ဆုံးဈေးထဲမှာတွေ့တဲ့ဘုန်းကြီးတစ်ပါးကို သရဏဂုံတင်ပေးဖို့လျောက်ရပါတယ်။ သရဏဂုံတင်ပြီးတဲ့အခါကျမှာ ရွှေတိဂုံဘုရားကြီးကို အူလှိုက်သဲလှိုက်နဲ့ သုံးကြိမ်ကန်တော့လိုက်ပါတယ်။ ထူးခြားတာက ကျွန်မမက်တဲ့အိပ်မက်နဲ့ခပ်ဆင်ဆင်ဇာတ်လမ်းကို ကျွန်မချစ်သူက ကျွန်မမက်မယ့်ညဦးပိုင်းမှာ ကြည့်ခဲ့ရပါတယ်။ တော်တော်လေးကို တိုက်ဆိုင်တာပါ။ နောက်နေ့ညကျမှ ဖုန်းပြောဖြစ်လို့ သိရတာပါ။ ကျွန်မနဲ့ကျွန်မချစ်သူကြားမှာ အသေးအဖွဲကအစ တိုက်ဆိုင်တာလေးတွေမကြာခဏဖြစ်ပါတယ်။ ဘယ်လိုဆက်နွယ်မှုမျိုးရှိလည်း သိချင်နေပါတယ်ဆရာ။ ကြာလေကြာလေ အံ့သြလာမိလို့ပါ။

  36. I would like to know your views on my dream.

  37. ကျမ အိမ်မက်တွေက အပြင်မှာ အမြဲလိုက်ဖြစ်တာများတယ်.. အိပ်မက်ထဲအတိုင်းကွက်တိ ဖြစ်တက်တယ်. အဲဒါ ဘာဖြစ်လို့လဲ ဆိုတာ သိချင်ပါတယ်ဆရာ.. အရမ်းစိတ်ဝင်စားလို့ပါဆရာ..

  38. ပြီးခဲ့တဲ့ ၃ပတ်လောက်က ကျွန်မအိပ်ပျော်နေတုန်း ကျွန်မအမျိုးသားကနှိုးပြီးပြောပါတယ်..သူအိမ်မက်မက်တုန်းအိမ်မက်ထဲမှာ
    ကျွန်မရဲ့ ဆုံးသွားတဲ့ အဘိုးကိုအိမ်မက်မက်တယ်တဲ့…..ဘယ်လိုမက်တယ်လို့ ပြောမပြခဲ့ဘူး…..ကျွန်မကသူပြောတာနားထောင်ပြီးပြန်အိပ်ပျော်သွားတော့ ကျွန်မကပါ အိမ်မက်ဆက်မက်ပါတယ်…အိမ်မက်ထဲမှာအဘိုးက ကျွန်မတို့ ဆီမှာလာနေချင်တယ်တဲ့ သူအခု ဘုရားမှာနေရတာ အားနာလို့ တဲ့ ကျွန်မက ကျွန်မတို့ ဆီမှာလာနေရင် စီးပွားတက်အောင်လုပ်ပေးလို့ ပြောတော့ အဘိုးက အေး လို့ ပြောပြီး အလုပ်က လစာတိုးသွားတယ်(အိမ်မက်ထဲမှာ)….အဲဒါနဲ့ အိမ်မက်က လန့် နိုးသွားတယ်…..နောက်နေ့ ကတော့ ကျွန်မယောင်္ကျားကပြောတယ် သူ့ အိမ်မက်ထဲမှာ အဘိုးကမင်းတို့ နဲ့ လိုက်နေမယ်လို့ ပြောတယ်တဲ့ ငါ့ကိုရည်စူးပြီးထီထိုးလို့ လဲပြောတယ်တဲ့ …..တစ်ညထဲမှာလင်မယားနှစ်ယောက်လုံးပုံစံတူ အိမ်မက်မက်တာဆိုတော့ ထူးဆန်းတာပေါ့နော်…..အဲဒါနဲ့ ဝင်စားချင်လို့ လားတော့ထင်မိတယ်…..ခုထိတော့ ဘာမှမထူးခြားသေးပါဘူးဆရာ….Reply လေးပြန်ပေးပါနော်

  39. ၀င်စားချင်လို့ အိပ်မက်ပေးတာဖြစ်နိုင်ပါတယ်။ ဆရာ့ သားအကြီးဆုံး နဲ့ ဒုတိယသမီး တွေတုန်းကလည်း ဒီလို အိပ်မက်ထဲမှာ လာနေချင်တယ်ပြောပြီး ကိုယ်ဝန်ရ မွေးဖွားလာကြတာဘဲ။ ကျန်တဲ့ အငယ်နှစ်ယောက်ကတော့ ဘာအိပ်မက်မှ မမက်ပါ။ စောင့်ကြည့်ပါလေ။ ဆရာတော့ မကြာခင် ခလေးရတော့မယ်လို့ ထင်ပါတယ်။