# ကျမ်းလျှောက်လျှင် မဆုံး၊ ကျမ်းပေါက်လျှင် တစ်လုံး

.

အခုတစ်လော ဗေဒင်ပညာဆိုင်ရာ ဘလော့ဂ် “ဈေးတန်း” လေးထဲမှာ ပွက်ညံပွက်ညံ နဲ့ ပွဲဆူနေတာကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ ဒီပွဲဈေးတန်းလေး ထဲမှာ “အသက်အကြီးဆုံး” ဖြစ်တော့ ဘယ်သူက မှားတယ်/ဘယ်သူက မှန်တယ် ဆိုတာ ၀င်ငြင်းစရာ အကြောင်း မရှိပါဘူး။  ၀င်ခြင်းဝင်ရင် လူကြီး တစ်ယောက်အနေနဲ့ ၀င်ပြီးဖြန်ဖြေဖို့သာ ရှိပါတယ်။ အားလုံးကို ပြောချင်တာက သင့်မြတ်ကြပါဗျာ။ လူကဲ့ရဲ့စရာ ဖြစ်နေပါဦးမယ်။ တစ်ခါက ကျွန်တော့်ကို “ကိုတေးအေးရိပ်” ပြောခဲ့ဘူးတဲ့ စကားလေး တစ်ခုကို ပြန်ပြောရဦးမယ်။

.

အဲဒီ ရက်ပိုင်းတွေက ဘလော့တွေထဲမှာ ညစ်ညစ်ညမ်းညမ်း လျှောက်ဆဲနေတဲ့ ကိစ္စလေး တစ်ခု ဖြစ်ပွားနေချိန်ကပေါ့။ (ကိုဝေသာလီရဲ့ ဆိုဒ်ထဲမှာပါ)။ ကျွန်တော်လည်း ကြိုတင် ကာကွယ်တဲ့ အနေနဲ့ C-box ကို ဖြုတ်ချလိုက်တယ်။ ကြောက်လို့တော့ မဟုတ်ဘူး။ ဒီ စကားလုံးတွေကို “မမြင်ဝံ့၊ မကြားဝံ့” လို့ပါ။ ဒီဝက်ဘ်ပေါ်မှာ ကျွန်တော်တို့ ယောင်္ကျားလေးတွေချည်းဘဲ ရှိတာမဟုတ်ဘူးလေ။ မိန်းကလေး တွေလည်း အများကြီးမဟုတ်လား။ ဒါကြောင့်ပါ။ သမီးချင်း၊ နှမချင်း စာနာစိတ်နဲ့ပါ။

.

ကိုတေးအေးရိပ်လည်း C-box ကို မဖြုတ်ပေမယ့် သံသယဖြစ်ဖွယ်ရှိတဲ့ Proxy တွေကို Ban လိုက်တယ်နဲ့ တူတယ်။ ကျွန်တော်က သူ့ C-box ထဲကို (ခါတိုင်းလိုဘဲ) ၀င်ရေးတော့ ကျွန်တော့်ကို Ban ထားတာ ခံလိုက်ရတယ်။ ကျွန်တော် တော်တော် ဒေါသထွက်သွားတယ်ဗျ။ ဘယ်နှယ့်ဗျာ – ဒီလို ညစ်ညစ် ညမ်းညမ်း အဓိပ္ပါယ်မရှိ လိုက်ဆဲနေတဲ့လူလို့  သံသယ ဖြစ်ဖွယ်စာရင်းထဲမှာ ကျွန်တော်လို လူမျိုး ပါသင့်သလားပေါ့။ ဒေါသထွက်လိုက်တာလေ။ ကျွန်တော် ဆိုတဲ့ အကောင်ကလည်း အသက်သာ ကြီးလာတာ “ထစ်ကနဲ” ဆို ဒေါသ အင်မတန်ထွက်လွယ်တဲ့ လူမျိုးခင်ဗျ။ ဘာရမလဲ။ အီးမေးလ် နဲ့ စာရေးပြီး တေးအေးရိပ်ကို ချဲတော့တာပေါ့။

.

ဒါပေမယ့် အဲဒီတုန်းက ကိုတေးအေးရိပ် ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်တော့ ဒေါသကို ပြေပျောက်သွားရုံမက ကိုယ့်ရဲ့အတွေးအမြင်ကိုပါ ပြောင်းသွား စေတယ်ဆိုတာ ၀န်ခံလိုက်ပါတယ်။ သူက ပြောတယ် ။ “ဆရာ ရယ် . . . ဆရာမှန်း သိရက်နဲ့ ကျွန်တော် Ban ပါ့မလား၊ ကျွန်တော်လည်း စိုးရိမ်စိတ် ကြီးပြီး Ban လိုက်တာ ဆရာ့ Proxy ပါ ရောပါသွားတာဖြစ်မှာပါ .  . တဲ့။ နောက်စကား တစ်ခွန်းက “ကျွန်တော်တို့ ဗေဒင်ဘလော့ဂ် ဈေးတန်းလေးထဲမှာ ဒီလူ ဒီလူတွေလောက်ဘဲ ရှိတာ ကျွန်တော် လုပ်ပါ့မလား .  . တဲ့။

.

ဒီစကားက ကျွန်တော့်စိတ်ကို လုံးဝ ပြေသွားရုံမက ဆက်ပြီး စဉ်းစားစရာတွေပါ ဖြစ်လာပါတယ်။ ဟုတ်ပါတယ်။ မြန်မာ ဘလော့ဂ်ဆိုဒ်တွေ အမျိုးမျိုး ရှိကြတဲ့ အထဲမှာ ကျွန်တော်တို့ ဗေဒင်ဘလော့ဂ် အုပ်စုက လူအနည်းဆုံး။ အင်အား အနည်းဆုံး။ တခြား ဘလော့ဂ်တွေဆိုရင် သူ့ဟာနဲ့သူ ၀ိုင်းရေးကြတာ ပုံလို့။  နည်းပညာပိုင်း ကြည့်ကြည့်၊ ဘာသာရေးပိုင်း ကြည့်ကြည့်၊ Information ပိုင်း ကြည့်ကြည့်၊ အနုပညာပိုင်း ကြည့်ကြည့် ဘလော့ဂ်တွေကို ပုံလို့  . . ခဲလို့။

.

ကျွန်တော်တို့ ဗေဒင်ဘလော့ဂ်ဂါ အုပ်စုကတော့ ခု, ချတွက်ကြည့်။ လူ (၁၀)ယောက်တောင်မှ မပြည့်တတ်ပါဘူးဗျာ။ ကိုတေးအေးရိပ်၊ ကိုရန်းဂန်း၊ ဝေသာလီ မောင်ဖုန်း၊ ကိုပခန်း၊ ကိုအုပ်စိုး၊ ကိုချမ်းမြေ့ဦး၊ ဇွဲတင်ဝင်း၊ ဆရာဘဲလားလေဘာတီ ၊ ကျွန်တော် . . . ဒီလူတွေလောက်ဘဲ ရှိတာလေ။ ကိုဂျေဂျူဝိုင်တို့၊ ကိုအောင်ပိုင် တို့ ပါထည့်တွက်မှ (၁၀)ယောက် ၀န်းကျင်ဘဲ ရှိတာ။ အခု အသစ်ဝင်လာတာတဲ့ “ကိုမောင်မောင်မြင့်” တို့၊ “ကို K ” တို့ပါ ထည့်တွက်ရင်တောင်မှ တခြား ဘလော့ဂ် တွေနဲ့ ယှဉ်ရင် တကယ့် လူနည်းစုလေးပါ။

.

ကိုတေးအေးရိပ် ပြောသလို ဒီလောက် လက်တစ်ဆုပ်စာ လောက်ဘဲ ရှိတဲ့ ဗေဒင်ဘလော့ဂါတွေဟာ တစ်ယောက် နဲ့ တစ်ယောက် အမှားရှိခဲ့ရင်တောင် သည်းခံ ခွင့်လွှတ်သင့်ပါတယ်။ စည်းလုံး သင့်ပါတယ်။ တော်ကြာ ဗေဒင်ဆရာ၊ ဗေဒင်ဘလော့ဂါ ဆိုတဲ့ လူစားမျိုးတွေက ဒီလိုဘဲလားကွာလို့ လူပြောစရာ ဖြစ်နေပါ့မယ်။

.

ကိုယ်က မှန်တယ် ၊ သူက မှားတယ် ဆိုပြီး ငြင်းကြတဲ့ ကိစ္စတွေမှာ ကျွန်တော် လေ့လာကြည့်သလောက်ကတော့ “လူ နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး စာရွက်ပေါ်မှာ ရေးထားတဲ့ “အက္ခရာ” တစ်ခုကို တစ်ယောက်က “ဂ,ငယ် – ကွ” ၊ တစ်ယောက်က “ ပ,စောက် – ကွ” ဆိုပြီး ငြင်းနေကြသလိုပါဘဲ။ သူ့ဖက်သူတော့ အမှန်ချည်းပါဘဲ။ ဘယ်သူမှ မမှားပါဘူး။

.

ဒီတော့ ဒီဗေဒင် ဘလော့ဂါဈေးတန်းလေးထဲမှာရှိကြတဲ့ ညီအစ်ကို အချင်းချင်း ညီညီညွတ်ညွတ် နေကြတာ၊ ဆိုးတိုင်ပင် ကောင်းတိုင်ပင် နေကြတာ ပိုမကောင်းဘူးလားကွာ။ သူလည်း သူ့အယူ အဆနဲ့ ၊ ကိုယ်လည်း ကိုယ့် အယူအဆ နဲ့ ၊ သူ့ဟာသူ ယုံကြည်ရာ လုပ်နေ၊ ရေးနေကြတာဘဲ . . . ဆိုပြီး သဘောထားကြီးကြီး နဲ့ နားလည်ပေးနိုင်ကြရင် သိပ်ကောင်းမယ်လို့ ယူဆမိပါတယ်။

.

ကျွန်တော် ဒီဘလော့ဂ် နယ်ပယ်ထဲကို မရောက်ခင်  ဗေဒင်ပညာခရီးလမ်းကို လျှောက်ခဲ့စဉ်ကာလကလည်း ဗေဒင်ဆရာတွေ ဒီလိုဘဲ ငြင်းခုန်နေကြတာ ခဏခဏ တွေ့ရပါတယ်။ စိတ်လည်း အတော်မချမ်းသာစရာ ကောင်းတဲ့ ကိစ္စပါဘဲ။ ကိုယ့်ဟာနဲ့ကိုယ်တော့ မှန်တယ်လို့ ထင်ကြသူ ချည်းပါဘဲ။ အများဆုံး ငြင်းကြတာတော့ “ကျမ်း” ကိစ္စပါဘဲ။ ဒီဆရာရဲ့ ကျမ်းက မှန်တယ်၊ ဟို ဆရာရဲ့ ကျမ်းက မှားတယ်။ ဒီပညာက မှားတယ်၊ ဟို ပညာက မှန်တယ်။ ဒါပါဘဲ။

.

ဒီတော့ ကျွန်တော် ဖတ်ဖူး၊ မှတ်ဖူး၊ အတွေးနက်ခဲ့ဘူးတဲ့ စကားလေး တစ်ခုကို ပြောချင်ပါတယ်။ ဒီစကားကို ပြောခဲ့သူကတော့ “နေလ၀ိဇ္ဇာ ဆေးပညာ” “ပုဂ္ဂလပညတ် ဆေးပညာ” ရယ်လို့ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဆေးပညာရပ်ရဲ့ ဖခင်ကြီးတစ်ဦး ဖြစ်သူ “အိုင်ကလောင် ဓာတ်ဆရာကြီး ဆရာလှိုင်” ပြောခဲ့တဲ့ စကားပါ။ သူထံမှာ ပညာလိုက်စားနေတဲ့ တပည့်တွေကို ဆုံးမခဲ့တာပါ။

.

အဲဒီ စကားလေးကတော့   “ကျမ်းလျှောက်လျှင် မဆုံး၊ ကျမ်းပေါက်လျှင် တစ်လုံး” တဲ့။ သေသေချာချာ ဖတ်ပြီး စဉ်းစားကြည့်နော်။

.

သိပ်ကို အဓိပ္ပါယ်ရှိပြီး နက်နဲလှတဲ့ စကားတစ်ခုပါ။ ဒီစကားဟာ မြန်မာ့ ဆေးပညာရပ် တစ်ခုတည်းမှ မဟုတ်ပါဘူး။ နယ်ပယ် အသီးသီးက အတတ်ပညာ အားလုံးနဲ့ သက်ဆိုင်ပါလိမ့်မယ်။ လူတွေဟာ တကယ့် ပညာရပ်အစစ်ဟာ “ကျမ်း”တွေထဲမှာသာ ရှိမယ်ထင်ပြီး “ကျမ်း” ပြဿနာ တက်နေတာပါ။ ဒီ ကျမ်းတွေ နောက်ကိုသာ လိုက်နေကြမယ်ဆိုရင် ဘယ်တော့မှ ဆုံးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ် သဘောပေါက်သွားရင်တော့ ကိုယ်သိသွားတဲ့ ၊ သဘောပေါက်သွားတဲ့ “ပေါက်,လုံးလေး တစ်လုံး” ဟာ ကျမ်းအားလုံးကို ဖတ်စရာ မလိုတော့အောင် ဖြစ်သွားပါလိမ့်မယ်။

.

ဗုဒ္ဓဘာသာနယ်ပယ်မှာ လူသိများတဲ့ စကားလေး တစ်ခုရှိပါတယ်။ အဲဒါက “ရဟန္တာ” ဖြစ်သွားရင် ပိဋကတ် (၃)ပုံကို အလိုလို အာဂုံ ဆောင်နိုင်ပြီး ဖြစ်သွား တယ် တဲ့။ ဘုရားဟော ဟုတ်/မဟုတ် ကျွန်တော် သေသေချာချာ မသိပါ။ ဒါပေမယ့် ဒီစကားလေး မှန်တယ်ဆိုတာကို သက်သေပြ လိုက်တဲ့ ရဟန်း (၂)ပါးတော့  ပေါ်ထွန်းလာပါတယ်။ “စွန်းလွန်း ဆရာတော်ကြီး ဦးက၀ိ” နဲ့ “သဲအင်းဂူ ဆရာတော်ကြီး ဦးဥက္ကဌ” တို့ပါ။

.

ဒီအရှင်မြတ် (၂)ပါးရဲ့ အကြောင်းကလည်း အများသိပြီးတဲ့ အတိုင်းပါ။ (၂)ပါးစလုံး “ငယ်ဖြူ” မဟုတ်ကြပါဘူး။ “တောထွက်” တွေပါ။ အသက်ကြီးမှ ရဟန်းပြုကြသူတွေပါ။ (၂)ပါးလုံး စာပေကျမ်းဂန် လုံးဝမတတ်ကြပါဘူး။ ဒီ(၂)ပါးစလုံး “ရဟန္တာ၊ ရဟန္တာ” လို့ နာမည်ကြီးလွန်းလာတော့ နိုင်ငံကျော် စာတတ်ပေတတ် ဆရာတော်ကြီးတွေက ခေါ်ယူ စစ်ဆေးကြပါတယ်။ ဗုဒ္ဓရဲ့ ပိဋကတ် (၃)ပုံထဲက တကယ့် ခက်ရာ ခက်ဆစ်တွေကို မြန်မာစကား နဲ့ မေးမြန်း စစ်ဆေး ကြပါတယ်။ သူတို့ နားလည်သလို ဖြေသွားကြပေမယ့် “တစ်လုံး တစ်ပါဒ မျှ” ကျမ်း နဲ့ မလွဲပါဘူး။ ကျမ်းတတ် အကျော်အမော် ဆရာတော်ကြီးတွေ လက်ခံ လိုက်ရပါတယ်။ ပိဋကတ်(၃)ပုံ ကို “ပေါက်မြောက်” သွားတယ် ဆိုတာ လက်ခံလိုက်ရပါတယ်။

ဒီ အရှင်(၂)ပါးလုံးကလည်း သူတို့ တကယ် ပေါက်မြောက်ခဲ့တာအမှန်ပါ ဆိုတာကို “ခန္ဓာ နဲ့ သက်သေပြ” ခဲ့ကြပါတယ်။ “သဲအင်းဂူ ဆရာတော်ကြီး” က ခန္ဓာဝန်ချတော့ “ဓာတ်တော်ကျ” ပြလိုက်ပါတယ်။ “စွန်းလွန်း ဆရာတော်ကြီး” က “ငါ, သေရင် ဒီအတိုင်း ထိုးထားလိုက်” လို့ တပည့်တွေကို မှာခဲ့တာမို့ . . ဒီအတိုင်းဘဲ ထားလိုက်တာ ယနေ့အချိန်အထိ အလောင်းတော်ဟာ မပုပ်မသိုး ရှိနေလျှက်ပါ။

.

ဒါဟာ ကျမ်းကို မလျှောက်ဘဲ ကျမ်းပေါက်သွားတဲ့ ထင်ရှားတဲ့ ဥပမာ တစ်ခုပါ။ ဗုဒ္ဓရဲ့ ဓမ္မပညာ နဲ့ ဘယ်လိုမှ မနှိုင်းယှဉ်သာတဲ့  ဗေဒင်ပညာ၊ ဆေးပညာ၊ အင်းအိုင်လက်ဖွဲ့ ၊ အဂ္ဂိရတ်ပညာ အားလုံးမှာလည်း ဒီလိုပါဘဲ။ ကျမ်း နောက်ကိုသာ လိုက်နေရင် လျှောက်လို့မဆုံး၊ ရှာလို့ မဆုံး ဖြစ်နေမှာပါ။

.

တကယ့် ကျမ်းအစစ်တွေက “ကျမ်းပေါက်သွားခဲ့တဲ့ သူတွေ” စီရင်ခဲ့တာပါ။ ဒီလို “ကျမ်းပေါက်” သွားသူတွေ စီရင်ခဲ့ပေမယ့် “ဖတ်တဲ့လူတိုင်း” ကျမ်းမပေါက် နိုင်ပါဘူး။ ဘ၀ပေါင်းများစွာက ဖြည့်ဆည်းခဲ့တဲ့ ပါရမီလည်းရှိ၊ ဆရာဖြစ်သူနဲ့လည်း ရှေးအဆက်ဆက်က ပဌာန်းဆက် ရှိခဲ့သူသာ “ပေါက်” ပါလိမ့်မယ်။ ဒီလို မရှိခဲ့ရင်တော့ “ကျမ်း အစစ်ကို ဖတ်နေရင်းနဲ့ ကျမ်းပျောက်” နေပါလိမ့်မယ်။

.

တကယ် ကျမ်းပေါက် မပေါက် ဆိုတာကလည်း ကိုယ့်ဟာကိုယ် လျှောက်ပြောနေလို့ မရပါ။ ကြော်ငြာလို့ မရပါ။ အများက ဆုံးဖြတ်ပေးပါလိမ့်မယ်။ ၀ါဒ ဖြန့်ချိ လို့မရပါ။ ခဏဘဲ ရပါမယ်။ သမိုင်းမှာ အမည်တွင်လောက်အောင် “ကျမ်းပေါက်” သွားသူဖြစ်ဖို့ “သမိုင်း” ကဘဲ မော်ကွန်းထိုး ပေးပါလိမ့်မယ်။ ကျမ်းလျှောက် နေသူ အချင်းချင်း ငြင်းခုန် နေကြလို့ အကျိုးမရှိပါ။ အမှန်တရားကို မတွေ့နိုင်ပါ။ အမှန်တရားကို တွေ့ဖို့ ပိုမိုနှောင့်နှေး ကြန့်ကြာ သွားပါလိမ့်မယ်။ ဒါကြောင့် “ကျမ်းပေါက်” အောင်သာ ကြိုးစားကြပါ။  ဒီလို ကြိုးစားကြရင်းနဲ့ အချင်းချင်း ကူညီ စောင့်ရှောက် ပေးကြတာမျိုး ဖြစ်စေချင်ပါတယ်။

.

သူလည်း သူ့နည်းသူ ပေါက်အောင်ကြိုးစားတာ ၊ ကိုယ်လည်း ကိုယ့်နည်းကိုယ် ပေါက်အောင် ကြိုးစားတာမျိုးသာ ဖြစ်သင့်ပါတယ်။ နည်းစနစ်ပုံသေ မရှိနိုင်ပါ။ နိဗ္ဗာန် ဆိုသည့် အမှန်တရား(အစစ်) ကို သွားသည့် လမ်းမှာပင် နည်းလမ်းမျိုးစုံ ရှိပါတယ်။ ကမ္မဌာန်း (၄၀)ဆိုတဲ့ လမ်းပေါင်း (၄၀) လောက်ရှိပါတယ်။ သွားနည်း မှန်ရင် ရောက်ကြမှာ ချည်းပါဘဲ။ နည်းလမ်းသည် အဓိက မကျပါ။ “ပေါက်မြောက်” သွားဖို့သာ အဓိက ကျပါတယ်။ ရောက်သွားဖို့က အဓိက ကျပါတယ်။

.

ဒီဆောင်းပါးလေးကို ကျွန်တော်တို့ရဲ့ ဗေဒင်ဘလော့ဂါ ဈေးတန်းလေး စည်ကားသိုက်မြိုက်လာဖို့ ရည်ရွယ်စိတ်နဲ့ ရေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ ရှေ့က ရောက်နှင့် နေကြသူများကလည်း နောက်ဝင်လာတဲ့လူကို လက်ကမ်း ကြိုဆိုစေချင်ပါတယ်။ နောက်ဝင်လာတဲ့ သူကလည်း ရှေ့ကရောက်နှင့် နေသူတွေကို (မရည်ရွယ်ဘဲ) တိုက်ခိုက်သလို ဖြစ်မယ့် စကားတွေကို ရှောင်ကျဉ်သင့်ပါတယ် – (တကယ် စိတ်ရင်းမှန်ရင်ပေါ့လေ . . တကယ့်စိတ်ရင်းမှန် နဲ့ ၀င်ရောက်လာတာ မဟုတ်ရင်တော့ လက်ကမ်းကြိုဆိုမည့်သူများဘက်က ငြင်းပယ်ခြင်းကို အပြစ်ဆိုစရာ မရှိတော့ပါ)။ ဒီလိုတော့ မဖြစ်သင့်ပါ။

စာဖတ်သူ မိတ်ဆွေများနှင့် ဗေဒင်ဈေးတန်းလေးမှ ညီငယ်များ ခင်ဗျား။ ဒီကိစ္စမှာ ဆရာကြီးဝင်လုပ်တာ မဟုတ်ဘဲ ကိုယ်က အသက်ကြီးဆုံးမို့ ၀င်ရောက် ဖြန်ဖြေ ပေးခြင်းသာဖြစ်တယ် ဆိုတာ စာဖတ်သူများ နှင့် ညီငယ်များ နားလည်နိုင်ကြမည်ဟု မျှော်လင့်လျှက် ရှိကြောင်းပါခင်ဗျား။

.

အားလုံး ကျန်းမာချမ်းသာကြပါစေ။ ကျေးဇူးတင်ပါသည်။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

 

 

« »

16 thoughts on “# ကျမ်းလျှောက်လျှင် မဆုံး၊ ကျမ်းပေါက်လျှင် တစ်လုံး”

  1. သေသေချာချာ ဖတ်ဖြစ်တယ်။ ပြီးတော့ ကိုယ့်ကိုကိုယ် ငုံ့ကြည့်ရင်း ပြုံးမိတယ်။ ယင်နဲ့ ယန်စက်ဝိုင်းလေးကိုလည်း ပြန်ဦးညွှတ်မိတယ်။ ကာလာမသုတ်တော်ကို ပြန်ဖတ်ဖြစ်တယ်။ ဒီစာစုကို ရေးချလိုက်တဲ့ ဆရာ့ကိုလည်း အလေးအနက် ကျေးဇူးတင်တယ်။ ဝါဆိုလပြည့်နေ့မှာ အဝေးက မြင်နေရတဲ့ စေတီတော်က ဆည်းလည်းသံကို အာရုံပြုရင်း ဆိတ်ဆိတ်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

  2. သာဓု (၃)ကြိမ် ခေါ်လိုက်ပါတယ် ငါ့ညီ ရေ။ မြင့်မြတ်သော ၀ါဆိုလပြည့်နေ့ညမှာ ထွန်းလင်းတောက်ပနေတဲ့ လပြည့်ဝန်းကြီးကဲ့သို့ “ပညာပြည့်ဝပြီး၊ ပေါက်မြောက်သူတစ်ဦး” ဖြစ်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ကွာ။

  3. ဆရာရေ

    ကောင်းလိုက်တာဗျာ တကယ့်ကျမ်းအစစ်တွေက ကျမ်းပေါက်သူတွေရေးသွားတာပါတဲ့

    ဟုတ်တယ်ဆရာ… ကျနော်တို့ညဏ်ကမမှီတာ ကိုး အထူးသဖြင့် ကျနော့ဆရာကဆုံးမဖူးတယ် ကျမ်းကိုဖေါက်မယ် လို့ဆုံးဖြတ်ရင် ဆိုင်ရာအကျင့်ကိုလည်းပေါက်အောင်လုပ်တဲ့ ဒါမှ ဒီကျမ်းစာရဲ့ အနှစ်ကို ရမှာတဲ့ဆရာရယ်။။ ကျနော်ငမိုက်သာကျမ်းမှာမျှောနေဆဲရှိပါသေးတယ်။။ မြန်ဗေဒင်ဘလော့ တွေ ပိုပြီးတော့လည်း များလာစေချင်ပါတယ်ခင်ဗျ။

  4. ဆရာရေ… အဲဒီလို မီးမွှေးတယ်လို့ ဆိုကြတဲ့ ကိစ္စက ကျွန်တော့်ဘလော့မှာ ဖြစ်နေတော့ ကျွန်တော့်တာဝန် မကင်းဘူးလို့ ဆိုလည်း ရပါတယ်။ ကျွန်တော့် အင်တာဗျူးရဲ့ အဓိက ရည်ရွယ်ရင်းက လူသစ်ကို မိတ်ဆက်ပွဲထုတ်ဖို့ပါ။ ခုလို ဖြစ်သွားတာတော့ ကျွန်တော်လည်း စိတ်မကောင်းဖြစ်ရပါတယ်။

    ဆရာပြောသလို သင့်မြတ်အောင် နေဖို့ ကြိုးစားသွားပါ့မယ်။ တခါတခါ လာလာစတတ်တဲ့ ကလေးဗိုလ်ကြီးတွေကိုလည်း ဖြစ်နိုင်ရင် မျက်ကွယ်ပြုဖို့ ကြိုးစားပါတော့မယ်။

    လေးစားခင်မင်စွာဖြင့်
    အုပ်စိုး

  5. ဝင်းမောင်

    အင်မတန်ကောင်းတဲ့ဆောင်းပါးတပုဒ်ပါ။ သက်ဆိုင်သူများသာမက စာဝင်ဖတ်သူအားလုံးအတွက်အကျိုးရှိလှပါတယ်။
    ထားရှိသောစေတနာကိုလေးစားလျက်ကျေးဇူးတင်စကားဆိုရင်း။

  6. မအားပေဘု………… တအားထွေတဲ့ဘ၀ရီရီမှာ
    တိုက်ခိုက်လို့ထိုးနှက်လာ…ဆဲသူပါ..ဆူသူရှိ ..။

    အမိယုတ်နှုတ်ကြမ်းကယ်နှင့်…မကြားဝံ့မနာသာ
    အခါခါ သည်းခံရ။ …

    တွေးမနေပါဘု…….
    ခုများဖြင့် ချမ်းသာစွာ.. .စီဘောက်ခွာ..ဖြုတ်ကာသိမ်း
    ဘယ်မတိမ်းတဲ့ကြိုးငါးဖြာ..အောက်ပါသို့..မှတ်နိုင်ပ။

    ( စီဘောက်ဖြုတ်ရခြင်းအကျိုးငါးပါး……………
    သောကမနှောက် ၊ စိတ်ဖြောင့် … စားဝင်
    အိပ်လျှင်ပျော်ပျော်၊ နေသော် ချမ်းသာ
    သွားလာချမ်းမြ ကျိုးရှိလှ..မစွမှတ်လေရာ။ )

    ထိုနည်းနှင့်သာ …သာယာဝမ်းမြောက်..
    ဆက်ပြီးလျှောက်လှမ်း၊ ကိုယ်လမ်းနှင့်ကိုယ်..
    ဘာမှ မဆို …၊ ဘယ်သူ့ကိုလျှင်
    ခင်လျှင်လက်တွဲ ၊ ဆူဆဲရိုင်းသူ..ငါမယူရုံ..
    ကိုယ့်ဂုဏ် ကိုယ့်မူ အကျင့်ဖြူလျှင်…..လူသူခပ်သိမ်းဦးညွတ်မည်။

    ကိုဖုန်း သို့မဟုတ် ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)

  7. မှန်လိုက်လေ ကိုဖုန်း ရယ်

    ကျွန်တော်လည်း စီဘောက်စ် ဖြုတ်ပြီးခါမှ အိပ်ပျော်၊ စားဝင် ဖြစ်သွား တော့မယ်။ မဟုတ်ရင် မကြားဝံ့မနာသာတွေ ဘယ်အချိန် ၀င်ရေးသွားမလဲ တထိတ်ထိတ်နဲ့ နေရတာ။ ဘာတဲ့ . . .
    ( စီဘောက်ဖြုတ်ရခြင်းအကျိုးငါးပါး……………
    သောကမနှောက် ၊ စိတ်ဖြောင့် … စားဝင်
    အိပ်လျှင်ပျော်ပျော်၊ နေသော် ချမ်းသာ
    သွားလာချမ်းမြ ကျိုးရှိလှ..မစွမှတ်လေရာ။ )
    ကောင်းလိုက်တဲ့ ကဗျာ။ ကြိုက်တယ်ဗျို့။

  8. ဆ၇ာ ကျွန်တော်ပြောတာတွေက ဘယ်သူမှကိုမစော်ကားပါဘူး။ဆရာလည်းဗေဒင်လောကထဲကိုဝင်ခဲ့သူဆိုတော့ ကျွန်တော်ရေးတာ အမှန်လား၊အမှားလားဆိုတာ ဗေဒင်လောက တကယ့်အဖြစ်အပျက်နဲ့ယှဉ် ကြည့်၇င်သိမှာပါ ဆရာ။ဒါပေမယ့်ဆရာ ၀င်ဝင်ချင်းမှာဘဲဗေဒင်အကြောင်းပြောတာ ဘာမှမဆိုင်တယ့်ကာမသျှတ္တ၇ ကျမ်းအကြောင်းပြောတယ့် online က ဗေဒင်ဆရာတစ်ယောက်နဲ့သွားတိုးတယ်။ အဲဒီမှာ ကျွန်တော်ဆရာပြောတယ့်စကားလေးတခွန်းကိုသွားသတိ၇တယ်။”ဟေ့ကောင် ဗေဒင်ဆရာဆိုတယ့်လူတန်းစားနဲ့ပေါင်းရင်ကြည့်ပေါင်းတယ့်။ပညာကြောင်းကောင်းကောင်းဆွေးနွေးလို့မရရင် ပြောချင်ရာပြောတယ်တယ့်။ပညာအကြောင်းဆွေးနွေးချင်၇င်ပညာရှင်နဲ့ပဲပြောတယ့်။ပညာရှင်က ပညာအပေါ်မှာ သစ္စာရှိတယ်ကွ။မသိရင်မသိဘူးပြောတယ် သိရင်လည်းသိကြောင်းပြောတယ်ကွ၊ပညာရှင်ကိုရွေးပေါင်းတယ့်။”ကျွန်တော့်ဆရာစကားက
    အင်မတန်မှန်ပါတယ်ဆရာ။ ကျွန်တော်ေ၇းတယ့်အဖြေတွေက ဘယ်သူမှကိုမရည်ညွန်းပါဘူး။
    လက်တွေ့ဖြစ်ပျက်နေတယ့်အကြောင်းကို ဗေဒင်လေ့လာသူတွေနဲ့ ဗေဒင်မေး ပရိသတ်ကိုပြောပြလိုက်တာပါ။ဒါပေမယ့် ဆရာကိုကျေးဇူးတင်ပါတယ်။ကျွန်တော်က သူများနောက်ကျောကိုဓားနဲ့ထိုး၇လောက်အောင် မနာလို ဖြစ်စ၇ာ ပညာပေးနိုင်တယ့် သူ ကျွန်တော်အတွက်ကတော့ online မှာ မရှိသလောက်ပါဘဲ။သူခိုးက လူပြန်ဟစ်သွားတာကတော့ ကြား၇တာနားဝမှာစိတ်တော့ မချမ်းသာပါတယ့် တစ်ခုတော့ ဆရာဆောင်းပါးမှာတွေ့လိုက်တာ တစ်ခုကတော့စိတ်မကောင်းပါဘူး ဆရာ။ကျွန်တော်က တော့လူတစ်ယောက်ကို မဆဲပါဘူး။နာမည်လိမ်နဲ့လည်းမရေးဘူး ဆရာ။
    ဒီဆောင်းပါးလေး ကိုဖတ်လိုက်ရတာ မင်္ဂလ တစ်ပါးပါဘဲ။အပေါ်မှာကျွန်တော်ရေးခဲ့တယ့်တစ်ချက်ပါတာကလွဲရင်။
    မုန်းသူမရှိ၊ရန်သူမရှိ။

  9. ညီမောင်ပခန်းလည်း လာဖတ်ပါတယ် အစ်ကိုရေ …

    အစ်ကို့ပိုစ့်လေးကို ဖတ်ရင်း ၀မ်းမြောက်ကြည်နူးမိပါတယ်။ ကျွန်တော်တို့ ညီကိုတွေအားလုံးအတွက် စမ်းရေတစ်ခွက်လိုပါပဲ။ ဒါလေးကို ညီတို့တတွေ အတူသောက်သုံးဖို့ လိုပါဦးမယ်အစ်ကို။

    ညီကတော့ ကျမ်းတွေမွှေနှောက်ရင်း ဆရာရှာလျှက်က ဆရာ MOTAA နဲ့ ဆုံပြီး အချိန်အတော်ကြာ ပစ်ထားခဲ့တဲ့ ဘလော့လေးဆီ ပြန်လာခဲ့ပါတယ်။ ဘယ်ကျမ်း ဘယ်သူရေးတာ ညီမသိချင်ပါဘူးဗျာ။ ဇာတာတွေ၊ ဂြိုဟ်တွေ၊ နက္ခတ်တွေ၊ ဒသာတွေ ဒီစကားစုတွေပါနေတဲ့ ကျမ်းကြီးကမ်းငယ်မှသည် စာတိုပေစတိုင် မပျင်းမရိ ဖတ်နေဦးမှာ လေ့လာနေဦးမှာဖြစ်ပါတယ်။ ကျမ်းပေါက်သွားလို့ စာမဖတ်ဖြစ်တော့မှာတောင် တွေးကြောက်နေမိပါတယ်အစ်ကိုရေ။

    ယုံကြည်ရာ ရွက်လွှင့်ကြတာပေါ့ဗျာ။

    ညီငယ်
    ပခန်း

  10. ချမ်းမြေ့ဦး

    ချစ်ကိုကြီး

    ညီလေးဒီစာလေးနောက်ကြပြီးဖတ်လိုက်ရလို့ ခုမှရေးဖြစ်တော့တယ်
    “ကျမ်းလျှောက်လျှင် မဆုံး၊ ကျမ်းပေါက်လျှင် တစ်လုံး” ဆိုတာလေးက အရမ်းမှန်ပါတယ်အကို ပညာရပ်ဆိုတာ ဘာမဆို အတွေးအခေါ်ကိုသာ အခြေခံတာ ညီလဲလက်ခံပါတယ် သို့ပေတဲ့ အကိုရယ် ဗေဒင် blog လောကမှာ အချို့စာရေးသူတွေက မချေမငံပြောဆိုတာတွေ ကိုယ့်ရိုးရာပညာရပ်ကို Western Traditional Suit ပုံစံဇွတ်လုပ်ယူတာ မှီငြမ်းကိုးကားမပါပဲ မိုးပေါ်ကကြလာသလို ကိုယ်ပဲလုပ်လိုက်သလိုမှိန်းနေတာတွေတော့ မ၇ှိသင့်ဘူးထင်တာပါပဲ ပြီးတော့ ပညာရပ်ပိုင်းဆိုင်ရာဆွေးနွေးမူတွေလုပ်ရင် တလွဲတွေပြောဆိုလာတာတော့ အဆင်မချောဘူးပေါ့ဗျာ ဥပမာပြောရရင် ငပိကိုမီးဖုတ်လိုက်လို့ ပေါင်မုန့်သော်၎င်း ကိတ်မုန့်သော်၎င်း ဖြစ်မလာတာကို ပေါင်မုန့်စားတဲ့တိုင်းပြည်မှာ (ဂျုံ) စားတဲ့တိုင်းပြည်မှာ လက်၇ှိနေထိုင်သူအနေနဲ့သိသင့်ပါတယ် ဘယ်လိုပဲဖြစ်ပါစေဗျာ ညီကတော့ ခုထိကိုယ်မရေးတဲ့လိုင်းတွေကို လိုက်ကလိတာတွေ ပညာစမ်းသလိုကလိတာတွေမလုပ်ခဲ့ပါဘူး သူတို့လဲရေးချင်တာရေး ကိုယ်လဲရေးချင်တာရေးပေါ့ဗျာ အဲ လိုင်းလာပူးပြီး တန်းလာညှိတာမျိုးတော့ ဘယ်လိုလူစားဖြစ်၂လုံးဝသည်းမခံပါဘူး ညီ အဲလိုလူတွေအပေါ်လဲသနားမိပါရဲ့ ကိုယ့်မသိတာကို ရိုးသားစွာမေးလာရင် ယဉ်ကျေးစွာအားလုံးကို ဖြေကြားပေးတာပါပဲ အဲလို ပညာရှင်မပီသတဲ့ ပညာရှင်ယောင်ဆောင် ပြင်ညာရှင်တွေ အပေါ်တော့ ခုလဲကြည့်မရဘူး နောက်လဲကြည့်လို့ လန်းမယ်မဟုတ်ဘူးပေါ့ဗျာ ကိုယ့်လာမထိသရွေ့တော့ ဘာမှပြောဆိုမှာ မဟုတ်ပါဘူး ညီနဲ့ပြောဆိုဆက်ဆံဘူးသူတိုင်းသိကြပါတယ် ကြီးသူကိုရိုသေ ငယ်သူကိုလေးစားစွာ ဆက်ဆံနေကြပါ မရိုးသားစွာဆက်ဆံလာသူတွေအပေါ်တော့ ညီ့အနေနဲ့ လုံးဝ အဆင်ထာဝရရင်ဆိုင်နေမှာမဟုတ်ပါဘူး သူ့လမ်းသူသွားပါစေ တခုပေါ့ ဗေဒင်ပညာအပေါ် ခုလိုသစ္စာဆိုထားပြီး
    ၇။ ပညာရပ်အား လက်တစ်လုံးခြားမပြုလုပ်ပါ။
    ၈။ ဆရာစဉ် အဆက်ဆက်ကို မစော်ကားပါ..
    ပေါက်ပန်းလေးဆယ်တော့ လာမလုပ်ကြပါနဲ့ဗျာ အားလုံးဟာ ပြဒါးသုတ်ထားတဲ့ကြေးမုံပါ တန်ပြန်မူတွေဟာ လောကတိုင်းမှာရှိပါတယ်

  11. ချမ်းမြေ့ဦး

    ကိုယ်ဆိုထားတဲ့ သစ္စာတည်ရင် နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏ တဲ့ သစ္စာစူးရင်တော့ လူညွန့်တုံးသွားမှာသေချာပါတယ် ခုလက်ရှိအချိန်အထိ ဒီလို သစ္စာဆိုထားပြီး ပေါက်ကရလုပ်နေဦးမယ်ဆိုရင်ဖြင့် ကိုယ့်သိက္ခာကိုယ်ချတာမျိုးဖြစ်သွားမှာပါပဲ ကိုယ်ထက်ဝါရင့်သဘာရင့် ပုဂိုလ်တွေကို စော်ကားပြီး တန်းညှိတာမျိုးတော့ လမ်းဘေးဆန်တာ လူလို့ကိုယ့်ကိုယ်ကို မယုံကြည်တဲ့ ပုပ်ကိုယ် ကြီးကို ခုလိုကြည့်နေရင် နောင်လာမည့်ဗေဒင်လေ့လာသူတွေ လမ်းမှားလိုက်သွားတာမျိုး ပညာအစစ်မရပဲ ပြင်ပြီးညာတဲ့ပြင်ညာကြီးနဲ့ မဟုတ်တာလုပ်နေကြမှာ စိုးရိမ်မိပါတယ် သေချာတာ တခုကတော့ဆရာရယ် ဆရာရေးလိုက်တဲ့ ခုစာလေးက တန်ဖိုးအရမ်းရှိပေမယ့် မဟုတ်တာလုပ်နေတဲ့ သူတွေကိုတော့ ဆရာတရားချနိုင်မှာမဟုတ်လို့ လက်ပိုက်သာကြည့်နေပါတော့ဆရာ အချိန်တန် နပိန်ကန်ပါလိမ့်မယ် ကိုအုပ်စိုးကတော့ သူတို့ကိုကလေးဗိုလိလို့ကင်ပွန်းတပ်ပါတယ် ကျွန်တော့အမြင်ကတော့ လူ့ယဉ်ကျေးမှု လောကပါလတရား လောကနီတိ တွေကကင်းဝေးရာအရပ်မှာ နေထိုင်ကြီးပြင်းခဲ့ကြလို့ လူကြီးလူကောင်းမပိသတဲ့ လူ့ချဉ်ဖတ်တွေအဖြစ်သာ သတ်မှတ်ပါတယ် ကိုယ့်ထိမှ တအားနာတတ်တာတွေကိုတော့ ကြင်နာသနားမိပါတယ်ဗျာ သို့သော်လည်း ကိုယ်ပြုတဲ့ အကုသိုလ် ကိုယ့်စီရောင်ပြန်လာတာကို အံကြိတ်ခံကြဖို့လိုပါတယ်

    ခင်မင်စွာဖြင့်
    ချမ်းမြေ့ဦး

  12. ဆရာ
    အချိန်လေးရရင် အားပေးပါခင်ဗျ ..ကျနော်လည်းဗေဒင်ပိုးတစ်ကောင်ပါခင်ဗျ

  13. လိပ်ကလေး

    ဟုတ်ပါတယ် နိဗန် ကသာပန်းတိုင်တစ်ခုဆို၇င်တခြားကျင့်စဉ်အသွယ်သွယ်
    တွေက လမ်းတွေပါကိုယ်သန်၇ာလမ်းကလျှောက်တတ်ဖို့ပန်းတိုင်ကို
    မှန်အောင်ေ၇ာက်ဖို့ကအဓိကပါပဲ…………ဖတ်ပြိးပါပြီ၇ှင်။
    ကျေးဇူးတင်ပါတယ်………

  14. အောင်ပိုင်

    လက်ခံပါတယ်ဆရာ ဆရာ့ ကိုလေးစားပါတယ်ဗျား)

  15. ဆ၇ာ.အယူအဆတွေကို တကယ်လေးစားပါတယ် ။ ဗေဒင်ဆ၇ာတိုင်းဒီလိုအတွေးအခေါ်မျိုးသာ၇ှိကြ၇င် သိပ်ကောင်းမှာဘဲ ။

  16. ကျေးဇူးပါ ဆရာ။ ဗဟုသုတတွေ အများကြီးရပါတယ်။ ဆရာတော်နှစ်ပါးနဲ့ ဥပမာပေးသွားတာ မှတ်သားဖို့ကောင်းပါတယ်။