စာရေးသူရဲ့ ဗေဒင်လေ့လာမှု သက်တမ်းအနှစ် (၃၀)အတွင်းမှာ စိတ်ဝင်စားမှု အနည်းဆုံး ဘာသာရပ်ကတော့ “ယတြာ” ပညာဘဲ ဖြစ်ပါတယ်။ ဗေဒင်ပညာကို “မ.ထ.သ” “လိုင်းပေါင်းစုံ” လို့ ခေါ်ရ လောက်အောင် အကုန် လျှောက်ပြီး လေ့လာခဲ့ပါတယ်။ လက္ခဏာ၊ သင်္ချာဗေဒ၊ အရှေ့တိုင်း လက်ရိုး နက္ခတ်၊ အနောက်တိုင်းနက္ခတ်၊ K.P  ဟူးရား၊ မဟာဘုတ်၊ သုံးတန်ပေါ်နိစ်၊ ဆန်း၊ အင်္ဂ၀ိဇ္ဇာ၊ အယူတော်မင်္ဂလာ၊ အာယုစန်း၊ သရောဒယ၊ တားရော့ . . . ရှိရှိသမျှ အားလုံးကို လေ့လာခဲ့ပါတယ်။ ကြွားပြောတာမျိုး မဟုတ်ပါဘူး။ လိုင်းပေါင်းစုံတဲ့ အကြောင်းကို ပြောပြတာပါ။  ဒီလို လိုင်းပေါင်းစုံတာလည်း တကယ်တော့ မကောင်းပါဘူး။ ဒါပေမယ့် ကိုယ်က ဘယ်ပညာဘဲ ဖြစ်ဖြစ် တီးမိခေါက်မိ ရှိချင်လို့ပါ။ အကုန်လုံး တော့လည်း မကျွမ်းကျင် ပါဘူး။

ဒါပေမယ့် “ယတြာ” ပညာကိုတော့ ၀ါသနာသိပ်မပါခဲ့သလို ၊ သိပ်ပြီး မလိုက်စားဖြစ်ခဲ့ပါဘူး။ မှန်တဲ့အတိုင်းပြောရရင် ဗေဒင်ပညာကိုသာ လိုက်စား နေပေမယ့် ယတြာပညာကိုတော့ သိပ်ပြီး အယုံအကြည် မရှိခဲ့ ပါဘူး။

စာရေးသူဟာ “ကမ္မနိယာမ” ကို အလွန်ယုံကြည်သူဖြစ်လို့ ကံတရားအတိုင်း “ကိုယ်စိုက်ပျိုးသမျှ ကိုယ်ပြန်ရိတ်သိမ်း” ရမယ့် နိယာမကို ကောင်းစွာလက်ခံ ယုံကြည်ပါတယ်။ အခုအချိန်ထိအောင် စိတ်ဓာတ်က“ခပ်ရွတ်ရွတ် ခပ်ပေပေ” ဖြစ်တော့ “ကိုယ်လုပ်ခဲ့တာ ကိုယ်ပြန်ခံလိုက်ပေါ့” ဆိုတဲ့ သဘောထားမျိုး ထားခဲ့ပါတယ်။  “လုပ်ရဲရင် ခံရဲရမယ်” ဆိုတဲ့ သတ္တိမျိုး ငယ်ငယ်ကတည်းက ရှိသူဖြစ်လေတော့ ယတြာနဲ့ ကြောက်အားလန့်အား ကာကွယ်နေတာမျိုးကို ကိုယ်တိုင် မလုပ်ချင်သလို သူများကိုလည်း လုပ်မပေးခဲ့ပါဘူး။ သူများကိုသာ ဗေဒင်ဟောပေးပေမယ့် ကိုယ့်ဟာကိုယ် ဗေဒင်တွက်မကြည့်ဘဲ လုပ်ချင်ရာ စွတ်လုပ်လို့ အမှားတွေ့ခဲ့ပေါင်းလည်း များခဲ့ပါပြီ။ ဒီတော့ ၀ါသနာအရသာ “ယတြာပညာပိုင်းစာအုပ်တွေ” မျိုးစုံအောင် စုဆောင်းထားပေမယ့် သေသေချာချာ မလေ့လာဖြစ်ခဲ့ပါဘူး။

.

တကယ်တော့ ဗေဒင် နဲ့ ယတြာဆိုတာ “ရောင်နောက် ဆံထုံးပါ” ဆိုတဲ့ စကားပုံ အတိုင်းပါဘဲ။ “ယောင်” ရဲ့နောက်က “ဆံထုံး”  လိုက်ရသလို “ဗေဒင်” နောက်က “ယတြာ” ဆိုတာ လိုက်ရစမြဲပါ။ ဗေဒင်ဆရာတစ်ယောက်ဟာ လူတစ်ယောက်ရဲ့ ရှေ့ဖြစ်ကို ဟောလိုက်တယ်။ လာမယ့်နှစ် ကံအလွန်ညံ့နေတယ်ပေါ့။ ဒီတော့ ဗေဒင်အဟောခံရသူဟာ “ပြူးပြူးပြာပြာ” ဖြစ်ပြီး “လုပ်ပါဦး၊ ကယ်ပါဦး” ဖြစ်လာကြပါတော့တယ်။ ဒီတော့ ဒီကံဆိုးမှုကို ဖြေဖျောက်ရမယ့် တာဝန်ဟာ ဗေဒင်ဆရာရဲ့ ခေါင်းပေါ်ကို ပြန်ကျလာပါတော့တယ်။

ဒီတော့ အဆိုးကို ဟောမိတဲ့ ဆရာဟာ သူ့ဟောတဲ့အဆိုးအတွက် သူ့မှာ တာဝန်ရှိလာပါတယ်။ ဒီတော့ “ယတြာ” ဆိုတဲ့ အရာနဲ့ ပြန်ကုစားပေးရပါတော့တယ်။ ဒီတော့ “ဗေဒင်နောက်က ယတြာလိုက်ရတာ” ဟာ ကမ္ဘာ့နိယာမကြီးလို ဖြစ်လာ ပါတော့တယ်။ ဗေဒင်ပညာရှင် တစ်ယောက်ဟာ ဗေဒင်သာဟောတတ်ပြီး ယတြာမလုပ်တတ်ရင် ရောဂါကိုသာ ရှာဖွေတတ် ပြီး ဆေးမကုတတ်တဲ့ ဆရာဝန်လို ဖြစ်နေပါတော့တယ်။ ဒီတော့ ကျွန်တော်တို့လည်း အသက်မွေးဝမ်းကျောင်းအရ ကိုယ်က မယုံကြည်ပေမယ့် လူတွေ စိတ်ဖြေသာအောင် ယတြာကို မပေးချင်ဘဲ ပေးနေရပါတော့တယ်။

.

ယတြာပညာအပေါ်မှာ ခံယူချက်နဲ့ပတ်သက်ပြီး လူ (၃)မျိုး (၃)စား တွေ့ရပါတယ်။

(၁) ယတြာပညာနဲ့ အဆိုးအားလုံး ပျောက်နိုင်တယ်၊ ဖြစ်ချင်တာ ဖြစ်နိုင်တယ် လို့ ယုံကြည်သူများလည်း ရှိပါတယ်။ (မညှာမတာ ပြောရရင်တော့  အလွန်မိုက်မဲ တဲ့လူတွေပါ)

(၂) သိပ်ယုံလှတယ် မဟုတ်ပေမယ့် စိတ်ဖြေသာအောင် ၊ စိတ်နဲနဲပေါ့သွားအောင် ဆိုပြီး “ရသေ့စိတ်ဖြေ” လုပ်ကြတဲ့ သူများလည်း ရှိပါတယ် (ဒီလူမျိုးတွေက အရေအတွက်ပိုများပါတယ်)

(၃) ယတြာဆိုတာ အလိမ်အညာသက်သက်ဘဲ၊ အားကိုးလို့ လုံးဝမရဘူး လို့ ယူဆသူများလည်း ရှိပါတယ်။ (ဒီလိုလူမျိုး တွေရှိပေမယ့် အရေအတွက်တော့ နည်းပါတယ်)

.

= ဒီအပေါ်မှာ ကျွန်တော့်အမြင်ကို ပြောရရင် နံပါတ်(၁)လူစားမျိုးတွေဟာ လုံးဝမှားယွင်းပါတယ် ။ ဗေဒင်ပညာရှင်ဆိုတာ ကိန်းဂဏန်း၊ အမှတ်အသားလေးတွေပေါ်မှာ မူတည်ပြီး ရှေ့ဖြစ်ကို ခန့်မှန်းကြည့်ကြတဲ့ လူတန်းစားတစ်မျိုးသာ ဖြစ်ပါတယ်။ တန်ခိုးရှင်တွေ မဟုတ်ပါဘူး။ ဖန်ဆင်းရှင်တွေ မဟုတ်ပါဘူး။ ပျောက်စေဆရာတွေ မဟုတ်ပါဘူး။ သူတို့သာ တန်ခိုးရှင် တွေဖြစ်ရင် သူများတွေကို အန္တရာယ်ကင်းအောင်၊ ချမ်းသာကြီးပွားအောင်မလုပ်ခင် ကိုယ့်ဟာကို အရင် လုပ်ကြမှာပေါ့။ ကိုယ့်ဟာကိုယ်တော့ မလုပ်နိုင်ဘဲ သူများကို လုပ်ပေးနိုင်တယ်ဆိုတော့ လူရယ်စရာ ဖြစ်နေတာပေါ့။ ကိုယ့်အသိဉာဏ် လေးကို အသုံးချပြီး စဉ်းစားကြည့်ကြပါ။ ဗေဒင်ဆရာဆိုတာ သူများတွေထက် ရှေ့ဖြစ်ကလေးကို နဲနဲ ခန့်မှန်းနိုင်တာကလွဲရင် သာမန် လူတွေထဲက လူသားတွေပါ။ လူထူး လူဆန်းတွေ မဟုတ်ပါဘူး။ မဟာဂုရုတွေ မဟုတ်ပါဘူး။

.

= နံပါတ် (၂) “ရသေ့စိတ်ဖြေ” လူစားမျိုးတွေကိုတော့ ကျွန်တော်  အမှား/အမှန် မှတ်ချက်မပြုလိုပါ။ တစ်ချို့လူတွေအတွက် ရသေ့စိတ်ဖြေ ယတြာဆိုတာ မလိုအပ်ပေမယ့် တစ်ချို့အတွက်တော့ လိုအပ်ပါတယ်။ ငယ်ငယ်တုန်းက ဖတ်ဘူးတဲ့ “ပညာဝန်ဦးဖိုးကျား” ရေးတဲ့ “ကျွန်ုပ် အလိမ္မာတိုးသော နေ့တစ်နေ့” ဆိုတဲ့ ဆောင်းပါးလေးကို အမှတ်ရမိပါတယ်။ ဒီဆောင်းပါးမှာ မီးရထား ခရီးစဉ်တစ်ခုမှာ ကိုယ့်ကိုယ်ကို အလွန်အထင်ကြီးနေတဲ့ အင်္ဂလိပ်ကျောင်းသား (ဦးဖိုးကျား)က တောသားလူရိုးကြီး တစ်ယောက်ကို ပညာပြတဲ့ ဇာတ်လမ်းလေးပါ။ တစ်ချို့လည်း ဖတ်ဖူးကြပါလိမ့်မယ်။ ဒီဇာတ်လမ်း အကျဉ်းချုပ်ကတော့ ပညာတတ် အင်္ဂလိပ်ကျောင်းသားကြီးက ရထားစီးရင်းနဲ့ မျက်နှာခြင်းဆိုင် ထိုင်ခုံမှာ ထိုင်နေတဲ့ တောသား လူရိုးကြီးရဲ့ လက်မောင်းမှာ ပတ်ထားတဲ့ “မဲကြိုး” အကြောင်းကို စပ်စုတော့ . . . . ရွာဦးဘုန်းကြီးရဲ့ အိပ်မက်အရ “ဘီလူး” အစားမခံရအောင် မဲကြိုးပတ်ထားတာ ဖြစ်ကြောင်း ပြောပြပါတယ်

ဒီမှာ အင်္ဂလိပ်ကျောင်းသား လူတတ်ကြီးက ကောင်းကောင်း ပညာပေးပါတော့တယ်။ ဒီိအယူအဆတွေဟာ ခေတ်မမှီ တော့ကြောင်း၊ ဘီလူးဆိုတာလည်း တကယ်မရှိကြောင်း၊ ရှိရင်လည်း ဒီမဲကြိုး ပတ်ထားရုံနဲ့ ဘီလူးစားက လွတ်မယ်ဆိုတာ ယုတ္တိမရှိကြောင်း . . .  စသည်ဖြင့် စကားကြွယ်ကြွယ်နဲ့ ပညာပေးပါတော့တယ်။  တောသားလူရိုးကြီးခမျာလည်း ဘာမှ ပြန်မပြောနိုင်ဘဲ ပါးစပ်ဟောင်းလောင်း နဲ့ပေါ့။ အဲဒီမှာ ဘေးခုံနားက ပညာတတ်ပုံပေါ်တဲ့ လူကြီး တစ်ယောက်က မနေနိုင် တော့ဘဲ ဒီ “အင်္ဂလိပ်ကျောင်းသားလူတတ်ကြီး” ကို ၀င်ပြီး ဆုံးမပါတော့တယ်။

ဒီ “မဲကြိုး”ဟာ မောင်ရင့်အတွက် မလိုအပ်ပေမယ့် သူ့အတွက်တော့ လိုအပ်ကြောင်း၊ မောင်ရင်ကတော့ ပညာတတ် ဆိုတော့ ဒါတွေကို မယုံတာ မှန်ပါကြောင်း၊ သို့သော် တောသားလူရိုးကြီးခမျာ သူတို့ဘုန်းကြီးကို အလွန်အားကိုးပြီး အလွန်ယုံ ကြည်သူဖြစ်လို့ ဘုန်းကြီးစကားကို တသွေမတိမ်း လိုက်နာမှာဖြစ်ကြောင်း၊ ဘီလူးဆိုတာ တကယ်ရှိ/မရှိ ဆိုတာလည်း ခွဲခြားနိုင်တဲ့ ဉာဏ်ပညာ မရှိကြောင်း၊ တကယ်လို့ ဘုန်းကြီးရဲ့ စကားကို နားမထောင်ဘဲ မဲကြိုးမပတ်မိရင် ညဖက်တောင် ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ဘဲ တချွတ်ချွတ်ကြားတိုင်း လန့်နေမှာဖြစ်ကြောင်း၊ ဥပဒါန်ကြောင့် ဥပါဒ်ရောက်နိုင်ကြောင်း၊ “မဲကြိုး” ပတ်ထားလိုက်တော့ သူ့မှာ အန္တရာယ်ကင်းသွားပြီး ဘီလူးစားခံရမှာ မဟုတ်တော့ဘူးလို့ ယုံကြည်နေပြီး စိတ်ချမ်းသာသွားမှာ ဖြစ်ကြောင်း “အကြောင်းအကျိုး” ခိုင်ခိုင်လုံလုံ နဲ့ ရှင်းပြလိုက်တော့ အင်္ဂလိပ်ကျောင်းသား လူတတ်ကြီးခမျာ ဘာမှ ပြန်မပြော နိုင်တော့ဘဲ ခေါင်းငိုက်စိုက်ကျသွားပါတော့တယ်။ နောင်တစ်ချိန် သူ ပညာဝန်ဦးဖိုးကျား ရယ်လို့ ဖြစ်လာတဲ့ အချိန်မှာ ဒီအတွေ့အကြုံ လေးကို “ကျွန်ုပ်အလိမ္မာတိုးသော နေ့တစ်နေ့” ဆိုပြီး ဆောင်းပါးလေး ရေးလိုက်တာ ဖြစ်ပါတယ်။

(အထက်ပါ ဆောင်းပါးလေးကို “စကားဝါမြေစာကြည့်တိုက် တွင် Download ယူနိုင်ပါသည်။ Download ယူရန် ဒီနေရာကို နှိပ်လိုက်ပါ။ “ပညာဝန်ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္တုတိုများ” စာအုပ် စာမျက်နှာ (၁၂၁)တွင် ဖတ်ရှုနိုင်ပါသည်)

ဒီလိုပါဘဲ။ တစ်ချို့လူတွေအတွက် ယတြာဆိုတာ မလိုအပ်ပေမယ့် တစ်ချို့လူတွေအတွက်တော့ ယတြာဟာ လိုအပ်ပါတယ်။ “ကိုယ့်ကိုယ်ကို အလွန်အမင်းယုံကြည်သူ” ၊ “ဖြစ်ချင်ရာဖြစ်ကွာ” လို့ သဘောထားနိုင်သူ၊ “ကိုယ်လုပ်တာ ကိုယ်ခံရမှာဘဲ”လို့ ခံယူထားသူတွေအတွက် ယတြာဆိုတာမလိုအပ်ပါဘူး။ ဒါပေမယ့် ယုံကြည်မှုအားနည်းသူ၊ လောကဓံ အဆိုးတွေကို အလွန်ကြောက်တတ်သူ၊ သံယောဇဉ်ကြီးမားလွန်းသူ၊ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုလေးတွေကို ဆုံးရှုံးရမှာကြောက်သူ များအတွက် ယတြာဆိုတာ လိုအပ်ပါတယ်။ လုံးဝ ကာကွယ်နိုင်မယ်လို့ မယုံကြည်တောင်မှ ယတြာလေးကို လုပ်လိုက်တော့ စိတ်ချမ်းသာမှု၊ စိတ်နဲနဲ အေးချမ်းသွားမှုကို ဖြစ်စေနိုင်ပါတယ်။ “မပြေးသော်လည်း ကန်ရာရှိ” ဆိုတဲ့စကားပုံလိုပေါ့။

.

=  နံပါတ် (၃)အမျိုးအစားဖြစ်တဲ့ ယတြာဆိုတာ အလိမ်အညာ သက်သက်ဘဲ၊ လုံးဝအားကိုးလို့မရဘူး ဆိုတဲ့ အယူအဆကို တော့ ဒီအယူအဆဟာ မှန်သင့်သလောက် မှန်ပေမယ့် အပြည့်အ၀ မမှန်ကန်ပါဘူးလို့ ငြင်းချင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်ကိုယ်တိုင်  တစ်ချိန်က ဒီအယူအဆ ကို လက်ခံခဲ့ဘူးပါတယ်

ဗေဒင်လောကမှာလည်း ယတြာပညာနဲ့ အသက်မွေးသူ (80)% ဟာ လူလိမ်ချည်းသာ ဖြစ်နေလို့ ကျွန်တော်ဟာ ယတြာကို အတော် ဆန့်ကျင်ခဲ့ဘူးပါတယ်။ ဗေဒင်လောကကို အိုးမဲသုတ်နေကြသူတွေဟာ ယတြာလုပ်တဲ့လူတွေက အများစုပါ။ ဗေဒင်ပညာ နာမည်ပျက်ရတာဟာလည်း ဒီယတြာဆိုတဲ့ ကိစ္စကြောင့်ပါဘဲ။ တစ်ချို့ဆိုရင် ဗေဒင်ပညာကို နကန်းတစ်လုံးမှ နားမလည်ဘဲ ယတြာနဲ့ လုပ်စားနေကြတာကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်နေရပါတယ်။ ဒါပေမယ့် လူမိုက်များတဲ့ လောကကြီးမှာ သူတို့ကို အားပေးနေတဲ့ လူမိုက်တွေက အမြဲရှိနေတော့ သူတို့ဟာ သက်ဆိုးရှည်နေကြပြီး ဗေဒင်လောက ကို နာမည်ပျက်အောင် လုပ်မြဲလုပ်နေကြလျှက်ပါ။

ဒီလို ယတြာပညာအပေါ်မှာ အမြဲ မကောင်းမြင်ခဲ့တဲ့ ကျွန်တော်ဟာ 2003 ခုနှစ် အကြီးအကျယ် ကျန်းမာရေး ချို့ယွင်းခဲ့မှု ကြောင့် အတွေးအခေါ် နဲနဲ ပြောင်းလဲသွားပါတယ်။ 2003 ခုနှစ်မှာ ကျွန်တော် တိုက်ဖွိုက်(အူရောင်ငန်းဖျား) ဖြစ်ပါတယ်။ တိုက်ဖွိုက်ဟာ အသိစောရင် သိပ်အန္တရာယ်ကြီးတဲ့ရောဂါ မဟုတ်ပေမယ့် ကျွန်တော့်ကို ဆေးကုတဲ့ ဆရာဝန်ဟာ ငှက်ဖျား လို့ မှားယွင်းပြီး ကုသနေတာနဲ့ အချိန်အလွန်နောက်ကျသွားပါတယ်။ တိုက်ဖွိုက်လို့ သိလိုက်တဲ့ အချိန်မှာ အသက် အန္တရာယ် အလွန်ကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ ဆေးစစ်ချက်တွေအရ အူလမ်းကြောင်းတစ်လျှောက်မှာ (Peptic Ulcer) လို့ခေါ်တဲ့ အနာခွက်တွေ “ပွ” နေပါပြီ။ အူကလည်း အလွန် ပါးနေပါပြီ။ အချိန်မရွေး အူပေါက်ထွက်ပြီး အသက်ဆုံးရှုံး နိုင်တဲ့အခြေအနေကို ရောက်နေပါတယ်။

ကိုယ့်ဟာကိုယ် တတ်ထားတဲ့ ဗေဒင်ပညာနဲ့ တွက်ကြည့်တော့လည်း “လဂ်သုဉ်း၊ စန်းသုဉ်း” ဖြစ်နေပါပြီ။ ဘယ်နည်းနဲ့ တွက်တွက် အားလုံးက “သေကိန်း” ကိုဘဲ ညွှန်ပြနေပါပြီ။ ဒါကြောင့် ဇနီးသည်ဖြစ်သူကို သားသမီး(၄)ယောက်နဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့် လုပ်ငန်းစဉ်တွေကို အသေးစိတ်မှာကြားပြီး သေခြင်းကို လက်ခံဖို့အဆင်သင့် ဖြစ်နေပါပြီ။

အဲဒီအချိန်မှာ မိတ်ဆွေ ယတြာပညာရှင်တစ်ယောက်က သတင်းကြားလို့ လိုက်လာပြီး ယတြာ အတင်းလုပ်ပေးပါတယ်။ ကျွန်တော်က တောင်းဆိုလို့မဟုတ်ပါ။ သူဟာ ကျွန်တော့်ကို အလွန်ခင်မင်သူဖြစ်ပြီး မည်သူ့ကိုမှ အိမ်လိုက်လုပ်မပေးပါ။ ကျွန်တော်ကတော့ ယုံကြည်မှု သိပ်ရှိလှတယ်မဟုတ်ဘဲ သူစိတ်ချမ်းသာအောင် လက်ခံပေးလိုက်ပါတယ်။ ယတြာလုပ်ပြီး နောက်နေ့ကနေ စ,ပြီး ကျွန်တော် နလံထလာပါတော့တယ်။ တစ်ကယ် မယုံနိုင်အောင်ပါဘဲ။ ဆရာဝန်တွေလည်း အံ့သြနေပါ တယ်။ အူအနာတွေ အလျှင် အမြန်ပျောက်သွားပြီး အချိန်တိုအတွင်းမှာ ကျွန်တော်ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး တကယ် အစွမ်းထက်တဲ့ ယတြာတွေ ရှိပါလားဆိုတာ ကျွန်တော် နဲနဲ လက်ခံချင်စိတ် ဖြစ်လာပါတယ်။ နောက်ပိုင်း ဆွေမျိုး မိတ်သင်္ဂဟများထဲမှ ပြဿနာတွေ ပေါ်လာတိုင်း သူ့ဆီကိုသာ ကျွန်တော်ပို့ပေးပါတော့တယ်။ ကျန်းမာ ရေး၊ စီးပွားရေးတွေ ပျက်သုန်းပြီး လုံးဝ မျှော်လင့်ချက် မရှိတော့တဲ့ သူတွေဟာ မယုံနိုင်စရာ ပြန်လည် ကောင်းမွန်လာကြတာကို မကြာခဏ တွေ့ရလေလေ ဒီ ယတြာပညာအပေါ် ယုံကြည်မှု ရှိလာလေ ဖြစ်လာပါတယ်။

ဒါကြောင့် ကျွန်တော့်ဝါသနာအတိုင်း ဒီပညာရပ်အပေါ်မှာ နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းလေ့လာပါတော့တယ်။ ဒီလို နှိုက်နှိုက် ချွတ်ချွတ် စူးစမ်းလေ့လာလိုက်ပြန်တော့ နည်းနည်း စိတ်ပျက်သွားရ ပြန်ပါတယ်။  အချိန်ယူ လေ့လာစူးစမ်းမှုတွေကြောင့် အဖြေမှန်က ပေါ်ထွက်လာပါတော့တယ်။ အဲဒီ အဖြေမှန်က “ယတြာပညာက ဒီလောက်ကြီး စွမ်းတာမဟုတ်ဘဲ လူက စွမ်းနေတာ” ဖြစ်နေပါတော့တယ်။ ဖြစ်ပုံကတော့ ဒီလိုခင်ဗျ။

ဒီယတြာပညာကို “ထို ဆရာ” (နာမည်ထုတ်မပြောရန်တောင်းပန်ထားလို့) တစ်ယောက်သာ တတ်မြောက်တာမဟုတ်ဘဲ၊ သူလို ဆရာတူ တပည့်တွေ အများကြီးရှိတာကို တွေ့ရပါတယ်။ သူတို့လည်း ဒီပညာနဲ့ အသက်မွေးနေကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ကယ်တင်ခဲ့တဲ့ ဆရာလောက်တော့ မစွမ်းကြတာကို တွေ့ရပါတယ်။ သူတစ်ယောက်သာ “ထူးထူးခြားခြား အစွမ်းထက်ပြီး အောင်မြင်နေတာ” ကို တွေ့လိုက်ရပါတော့တယ်

ဒီတော့မှာ ကျွန်တော့်ရဲ့ယုံကြည်မှုတစ်ခု ဖြစ်တဲ့ “ပါရမီ” ဆိုတာကို ပိုပြီး သဘောပေါက် လာပါတော့တယ်။ လူတစ်ဦး နဲ့ တစ်ဦး “ပါရမီ” ခြင်း မတူကြပါဘူး။ “ပါရမီ” ဆိုတာ အတိတ်ကာလက ဖြည့်ဆည်းခဲ့တဲ့ ကောင်းမှုကုသိုလ် (တနည်းအားဖြင့် အနစ်နာခံခဲ့မှု) များကို ဆိုလိုပါတယ်။ ဗုဒ္ဓဘာသာဝင်များလည်း သိရှိကြပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဆရာသခင် “ဗုဒ္ဓ” ဟာ “လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း” ပါရမီ ဖြည့်ခဲ့တဲ့ “မဟာလူသားတစ်ဦး” ဖြစ်ပါတယ်။ သူမဖြည့်ဘူးတဲ့ဒါန၊ သီလ၊ ဘာဝနာ မရှိပါဘူး။ ဖြစ်ရာဘ၀မှာ ကိုယ်ရဲ့အမျိုးကို စောင့်ရှောက့်ခဲ့သူပါ ။ ကိုယ့်အမျိုးကို အသက်ပေး ကာကွယ်ခဲ့သူပါ။ ကိုယ်ကျိုးကို စွန့်ခဲ့သူပါ။ ဒါကြောင့် နောက်ဆုံး လောက(၃)ပါးမှာ အတုမရှိတဲ့ “ဗုဒ္ဓ” ဘ၀ကို ရခဲ့တာပါ။

စာဖတ်သူတွေလည်း သတိထားမိကြပါလိမ့်မယ်။ လောကမှာ လူခြင်းတူ၊ ပညာခြင်းတူ၊ အသက်မွေးဝမ်းကျောင်းခြင်း တူညီ လျှက်နဲ့ သူများထက် ပိုပြီးထူးချွန်နေသူတွေ ရှိပါတယ် ။ ဆရာဝန်ခြင်း တူပါရက်နဲ့ ပိုပြီး “ဆေးလိုက်” တာမျိုး၊ ကျောင်းဆရာ ခြင်း တူပါရက်နဲ့ ပိုပြီး အသင်အပြကောင်းတာမျိုး၊ စာရေးဆရာခြင်း တူပါလျှက်နဲ့ အလွန်ဖတ်လို့ ကောင်းတဲ့ စာတွေကို ရေးနိုင်တဲ့သူမျိုး၊  ဗေဒင်ဆရာခြင်း တူပါရက်နဲ့ ပိုပြီးမှန်တဲ့သူမျိုး၊ သရုပ်ဆောင်ခြင်းတူပါရက် နဲ့ ပိုပြီးအောင်မြင်ကျော်ကြား သူမျိုးတွေ အများကြီးရှိပါတယ်။ ဒါဟာ ပါရမီခြင်း မတူတာကို ပြနေတာပါ

လောက လူသားတွေ ဟာ တစ်ဦးနဲ့တစ်ဦး ဇွဲ၊ လုံ့လ၊ ၀ီရိယခြင်း ယှဉ်လို့ရပါတယ်။ ဒါပေမယ့် ကံခြင်း ယှဉ်လို့ မရပါဘူး။ “ကံ” ဆိုတာ “ပါရမီ” ကို ပြောတာပါဘဲ ။ ကံခြင်း ယှဉ်မရဘူးဆိုတဲ့ စကားကို အသက်ငယ်စဉ်မှာတော့ လက်ခံဖို့ ခက်ခဲ ပေမယ့် အသက်ကြီးလာလေလေ ဒီစကားကို ပိုလက်ခံလာလေလေ ဖြစ်ပါလိမ့်မယ်။ အသက်ငယ်စဉ်မှာတော့ ငယ်ဂုဏ် ဆိုတဲ့ မာန်မာန ကလည်းရှိ၊ ဘ၀မှာလည်း အချိန်တွေက အများကြီး ကျန်နေသေးတော့ “ကံ” တို့၊ “ပါရမီ” တို့ဆိုတာကို သိပ် လက်မခံချင်ကြပါဘူး။ ဒါဟာ သဘာဝကျပါတယ်။ အပြစ် မတင်လိုပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ငယ်စဉ်က ဒီလိုဘဲ ဖြစ်ခဲ့ဘူးတယ်လေ။

“လူခြင်း အတူတူ – သူမှ ဖြစ်ရင် ကိုယ်လည်း ဘာလို့ဘာလို့မဖြစ်ရမှာလဲ” ဆိုတဲ့ မာန်မာနမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု အသက် (၅၀)နားကို ချည်းကပ်လာချိန်မှာတော့  “ကံခြင်း၊ ပါရမီခြင်း ယှဉ်လို့ မရဘူး” ဆိုတာကို အကြွင်းမဲ့လက်ခံ လာပါတော့တယ်။ လောကကြီးထဲမှာ ကိုယ့်ထက် ညံ့တဲ့လူတွေရှိသလို၊ ကိုယ်ဘယ်လိုမှ ယှဉ်မရနိုင်အောင် တော်တဲ့၊ တတ်တဲ့၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီး ရှိတာကို အကြွင်းမဲ့ လက်ခံလာပါတော့တယ်။

(အခု စာဖတ်နေကြတဲ့ စာဖတ်သူများထဲမှာ ကျွန်တော် အခုတင်ပြတဲ့“ကံခြင်း၊ ပါရမီခြင်း ယှဉ်လို့ မရဘူး” ဆိုတာကို လက်မခံသူတွေအများကြီး ရှိနေပါလိမ့်မယ်။ ဒါကို လက်ခံပါလို့ အတင်းအကြပ်  မတိုက်တွန်းပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ မှတ်ဉာဏ်တစ်နေရာမှာတော့ ဒီစကားလေးကို သိမ်းဆည်း ပေးထားပါ။ နောင် ကိုယ်တိုင် အသက် (၅၀) , (၆၀) အရွယ် လောက်ရောက်လာရင် ကိုယ့်ဘ၀ကို ဒီစကားလေး နဲ့ ပြန်ချိန်ထိုးကြည့်ပါ။ အဲဒီအခါကျရင် ကိုယ်တွေ့မို့ သိလာရပါလိမ့်မယ်)

.

ဒါနဲ့ ဒီလို အစွမ်းထက်တဲ့ ယတြာတွေလည်း ရှိပါလား ဆိုပြီး ယတြာကို ယုံကြည်စ ပြုနေတဲ့ ကျွန်တော်ဟာ “ယတြာထက် လူက ပိုစွမ်းတဲ့အဖြစ်မှန်ကို” သိလာတော့ ယတြာအပေါ် ယုံကြည်ချင်တဲ့ စိတ်ကလေးလည်း ပြန်ပျောက်သွားပြန်ပါတယ်။ ဆရာဖြစ်သူက အစွမ်းထက်တာမှန်ပေမယ့် သူ့ကိုချည်း အမြဲအားကိုးနေလို့လည်း ရတာမျိုး မဟုတ်ဘူးလေ။ သူလည်း သင်္ခါရတရား၊။ ကိုယ်လည်း သင်္ခါရတရား။

ဒီလို ဆရာကောင်းနဲ့တွေ့တယ်ဆိုတာလည်း “အကြောင်းတိုက်ဆိုင်မှ” မဟုတ်လား။  ဒီလို “ပါရမီ” ရှိတဲ့သူကို တွေ့ရတယ် ဆိုတာလည်း ရှေးဘ၀က “ပဌာန်းဆက်” တွေ ရှိကြလို့ မဟုတ်ပါလား။ ဒီလို အညံ့တွေကနေ လွတ်မြောက်အောင် လုပ်ပေးတဲ့ ဆရာနဲ့ သူ့ရဲ့ ပရိသတ်တွေကြားမှာ ရှေးရှေး ဘ၀ပေါင်းများစွာက ကိုယ်မမြင်နိုင်တဲ့ အကြောင်းတရားတွေ မြောက်များစွာ ရှိခဲ့လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်

ဗုဒ္ဓမြတ်စွာက ဟောကြားခဲ့ဘူးပါတယ်။ ယခုဘ၀မှာ သူ့ရဲ့ တရားဓမ္မနဲ့ ကျွတ်တမ်းဝင်ကြတဲ့ ဝေနေယျတွေဟာ “လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း” ပါရမီဖြည့်ခဲ့စဉ် သူ(ဗုဒ္ဓ) ဆေးဆရာကြီး ဖြစ်ခဲ့တဲ့ ဘ၀တွေ , ဘ၀တွေမှာ သူ ကုခဲ့တဲ့ လူနာတွေဘဲ ဖြစ်တယ် တဲ့။ “ပဌာန်းဆက်” ဆိုတာ ဒါပါဘဲ။ ဗုဒ္ဓ ဘုရားလောင်းဘ၀တွေတုန်းက “သူ”  ကုသခဲ့လို့ “ခန္ဓာကိုယ် အနာရောဂါ” တွေက လွတ်မြောက်ခဲ့သူတွေဟာ ယခု “ဗုဒ္ဓ” ဘုရားရှင်ဖြစ်လာတော့ “ကိလေသာအနာရောဂါ” တွေကနေ လွတ်မြောက်သူတွေ ဖြစ်လာပြန်ပါတယ်။

ကျွန်တော့ကို အသက်ဘေးက လွတ်မြောက်အောင် ယတြာပြုပေးခဲ့တဲ့ “ဆရာ” ဖြစ်သူနဲ့ “ကျွန်တော်” တို့ရဲ့အကြားမှာ  ရှေးရှေးဘ၀ပေါင်းများစွာက ပဌာန်းဆက်တွေ ရှိခဲ့လို့သာဖြစ်ပါတယ်။ ကျွန်တော့်လိုဘဲ သူနဲ့ ပဌာန်းဆက် ရှိသူတွေသာ သူနဲ့ တွေ့ကြမှာဖြစ်ပြီး သူနဲ့ ပဌာန်းဆက် မရှိသူတွေကတော့ တွေဖို့မလွယ်သလို တွေ့ပြန်လည်း ယုံကြည်ဖို့ ခဲယဉ်းလှ ပါတယ်။

ဒီတော့ ကျွန်တော် စဉ်းစားတယ်။ ဒီလို လူပုဂ္ဂိုလ်ရဲ့ ပါရမီအင်အားကြောင့်မဟုတ်ဘဲ ဘယ်သူလုပ်လုပ် အစွမ်းထက်မယ့် ယတြာမျိုးကော မရှိနိုင်ဘူးလား? ပေါ့။ . . လိုချင်တယ်။ ဒီလို ယတြာမျိုး အရမ်းလိုချင်တယ်။ ကိုယ့်အတွက်သာ မဟုတ်ဘဲ ကိုယ့်ကို ယုံကြည်နေကြသူတွေ၊ အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေကြသူတွေ၊ အလွန်ကြီးမားတွေ ဒုက္ခ၀ဲသြဃထဲမှာ နစ်မြုတ်လု ဆဲဆဲ လူတွေ။ ဒီလိုလူတွေကို ကယ်ဆယ်ချင်တယ်။ ဒီလို လူတွေအတွက် (ပါရမီမပါဘဲ) အသုံးချလို့ ရမယ့် (တကယ်လည်း အစွမ်းထက်တဲ့) ယတြာမျိုးကို ကျွန်တော် လိုချင်စိတ်ပြင်းပြလာတယ်။ လွန်ခဲ့တဲ့(၂)နှစ်လောက်က စ,လို့ပေါ့။

မြန်မာစကားပုံတွေ ရှိတယ်မဟုတ်လား။ “ပျောက်သောသူ၊ ရှာရင်တွေ့” တို့၊ “လိုလျှင် ကြံဆနည်းလမ်းရ” တို့၊  “အနာရှိသိလျှင် ဆေးရှိသည်” တို့ပေါ့။ ကျွန်တော်လည်း ဒီစကားပုံတွေကို အကိုးအကားပြုပြီး လွန်ခဲ့တဲ့ (၂)နှစ်လောက်က စ,ပြီး “လူတိုင်းအတွက်၊ ဘ၀အတွက် အကောင်းဆုံးယတြာ” ကို ရှာပါတော့တယ်။ နောက်ဆုံး စကားပုံတွေ အတိုင်း တွေ့ရ တော့တာပါဘဲ။

သိပ် မကြာသေးပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပါတ် (၂)ပါတ်လောက်ကမှပါ။ လောကီ၊ လောကုတ္တရာ စွယ်စုံရတဲ့ ဆရာတော်ကြီး တစ်ပါးရဲ့ စကားတစ်ခွန်းထဲကနေ ဒီယတြာကို ရလိုက်တာပါ။ ဖြစ်ချင်တော့ ဒီယတြာကို ကျွန်တော်ကိုယ်ကိုယ်တိုင် ပြီးခဲ့တဲ့ (၂)နှစ်လောက်ကတည်းက ကျင့်သုံးနေမိလျှက်သား ဖြစ်နေတော့တာကိုးဗျ။

အဲဒီ ယတြာကို ကိုယ်က ကျင့်သုံးမှန်းမသိ ကျင့်သုံးနေတာမို့ ပြီးခဲ့တဲ့ (၂)နှစ်လောက်ကစပြီး ကိုယ့်ဘ၀ဟာ အေးချမ်း တည်ငြိမ် တိုးတက်လာရတာကိုး ဆိုတာ  သဘောပေါက်လိုက်ပါတယ်။ နောက်ပြီး ကိုယ်လိုဘဲ အခြားကျင့်သုံးမှန်းမသိ ကျင့်သုံးနေတဲ့ သူတွေရဲ့ ဘ၀တွေကလည်း အင်မတန်အေးချမ်းတည်ငြိမ်ပြီး ဒုက္ခ၊ သုက္ခ နည်းပါးလှတာကို လေ့လာတွေ့မိ လိုက်ပါတယ်။

ဒီယတြာဟာ အဆောင်လက်ဖွဲ့လည်းမဟုတ်ဘူး၊ အင်းအိုင်ယန္တယားလည်း မဟုတ်ဘူး၊ ဂါထာ မန္တန်လည်း မဟုတ်ဘူး၊ သစ်ရွက်သစ်ခက် လည်းမဟုတ်ဘူး။ နောက်ပြီး ဘယ်ဆရာဆီမှလည်း သွားစရာမလိုဘူး။ အချိန်မရွေး ခုလုပ်ချင်ရင်လည်း အခုလုပ်လို့ရတယ်။ ဒီယတြာဟာ ဘယ်သူ့ဆီမှ သွားတောင်းနေစရာမလိုဘဲ ကိုယ့်ဆီမှာဘဲ ရှိနေတယ်။ သုံးရမယ့် နည်းလမ်းကို သိဖို့ဘဲလိုပါတယ်။

အံ့သြစရာဘဲနော်။ ဒီလောက် အစွမ်းထက်တဲ့ ယတြာ ကိုယ့်ဆီမှာ ရှိနေပါရက်နဲ့ မသိကြရတဲ့အဖြစ်။ “ထမင်းအိုးမွှေတဲ့ ယောက်မကို ခါးမှာထိုးပြီး လိုက်ရှာနေကြရတဲ့အဖြစ်”။ ဉာဏ်ပညာ ထက်မြက်ပြီး အကင်းပါးတဲ့ သူဆိုရင်တော့ ကျွန်တော် ပြောတဲ့ ယတြာကို ရိပ်စားမိလောက်ပါပြီ။ တစ်ချို့ကျပြန်တော့လည်း “ဗြောင်ဖွင့်ပြတာတောင်မှ မဟုတ်ပါဘူး” ဆိုပြီး ငြင်းမယ့် လူတွေလည်း ရှိလိမ့်မယ်။ ဒါကတော့ သူတို့ထိုက်နဲ့ သူတို့ကံပေါ့။

တစ်ချို့ကျတော့ လက်တော့ လက်ခံလိမ့်မယ်။ ဒါပေမယ့် “လုပ်ဖို့သိပ်ခက်တယ်” လို့ ညည်းလိမ့်မယ်။ မခက်ပါဘူး။ လုံးဝ မခက်ပါဘူး။ အလေ့အကျင့်သာ လုပ်သွားပါ ။ ရက်သတ္တပါတ် အနည်းငယ်အတွင်း ကိုယ် အားစိုက်စရာ မလိုတော့ဘဲ သူ့ဟာသူ လုပ်သွားပါလိမ့်မယ်။ ဒီလို သူ့ဟာသူလုပ်သွားပြီ ဆိုတော့လည်း ကိုယ့်ဘ၀ဟာ မယုံကြည်နိုင်လောက်အောင် တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မယ်

ဘယ်လို ယတြာမျိုးပါလိမ့်။ စိတ်ဝင်စားသူများ နောက်ထပ် ဆောင်းပါး အပိုင်း(၂)ကို လာမယ့် ရက်များမှာ ဆက်ဖတ်ပါ။ ပဟေဠိလုပ်ပြီး မရိုးမရွ ဖြစ်အောင် လုပ်တာမဟုတ်ဘူးနော်။ ဆောင်းပါးက သိပ်ရှည်နေပြီ။ နောက်ထပ် ရေးရမယ့် စာတွေက ဒီဆောင်းပါးလောက်ဘဲ ရှည်ဦးမှာမို့ ခေတ္တ နားကြဦးစို့။ ကျွန်တော်လည်း စာထိုင်ရေးနေရတာ အလွန်ပင်ပန်းနေပြီမို့ ကိုယ်ခြင်းစာပြီး ခွင့်လွှတ်ကြပါနော်။ အပိုင်း(၂)ကို အမြန် တင်ပေးပါ့မယ်။

.

ဖတ်ရှုသူအားလုံး ကံကောင်းသော ဘ၀တစ်ခုကို မကြာမှီ ပိုင်ဆိုင်နိုင်ကြပါစေ။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)


မှတ်ချက်။          ။ ဘ၀အတွက် အကောင်းဆုံးယတြာ အပိုင်း (၁) (၂) (၃) (၄)များကို အောက်ပါ လင့်ခ်များမှ ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ဘ၀အတွက် အကောင်းဆုံး ယတြာ အပိုင်း (၁) Click

ဘ၀အတွက် အကောင်းဆုံး ယတြာ အပိုင်း (၂) Click

ဘ၀အတွက် အကောင်းဆုံး ယတြာ အပိုင်း (၃) Click

ဘ၀အတွက် အကောင်းဆုံး ယတြာ အပိုင်း (၄) Click

Share

21 comments on “# ဘ၀အတွက် အကောင်းဆုံးယတြာ . . အပိုင်း (၁)

  1. TUN TUN OO on said:

    ဆရာ,

    It may be meditation( ၀ိပဿနာ or သမထ).

  2. Dr.Tin Bo Bo on said:

    တစ်ဝက်ဘဲ မှန်ပါတယ်။ သူ့ထက် အရေးကြီးတာ ရှိသေးတယ်။

  3. Wai wai on said:

    Sayar,
    it may be controlling of self conscious or mind control. Sate htar kaung yin kan kaung mal so tar lar.

  4. Sayar, I’m waiting for this post since New Year, Please kindly let us know what is the other half, if possible. thanks

  5. ayeayethwe on said:

    ၅ပါးသီလလုံအောင်ထိမ်းပြီး၊သတ၀ါအားလုံးကို မေတာပို့တာမဟုတ်လားဆရာ?နှစ်လုံးဆင့်မရေးတတ်လို့ သည်းခံပြီး ဖတ်ပေးပါ ဆရာရှင့်

  6. chomaw on said:

    Ko Tin Bo Bo, You are good writer.I also follow this mind,before nine years ago, bcos at that time,I had bad health.Now Coming again,thus I try the best way by my self.

  7. Ko Zay on said:

    ဆရာခင်ဗျာ
    ဆရာရေးထားတာလေးတွေ့လို့ requote လုပ်လိုက်ပါတယ်….
    ဒီနှစ်ငါ မွေးနေ့ထပ်တယ်ဆိုတာ သိလိုက်တော့ “၀ိပဿနာ” ကို ဖိ, လုပ်ဖြစ်တယ်။ xxxxxxx တရားကို ဖိလုပ်တယ်။ တစ်နှစ်လုံး “အကုသိုလ်” နဲအောင် နေတယ်။ စိတ်ကို စင်ကြယ်အောင် “သတိပဌာန်” နဲ့ အမြဲစောင့်ကြည့်နေတယ်။ ကျန်းမာရေးကို အထူးဂရုစိုက်တယ်။ အနေအထိုင် အစားအသောက် အားလုံးဆင်ခြင်တယ်။ ရတဲ့ အကျိုးကတော့ အဲဒီနှစ်မှာ ကျန်းမာရေး၊ လူမှုရေး ထိခိုက်မှုမဖြစ်တဲ့အပြင် နှစ်ကုန်မှာ ကိုယ်ပိုင်အိမ်ပါ ၀ယ်နိုင်လိုက်တယ်။xxx

ွှအင်မတန်မှ အကျိုးအကြောင်းဆီလျော်တဲ့ လုပ်ရပ်ပါ။
    Ko Zay

  8. red rose on said:

    ဆရာရေ…သိတော့သိနေသလိုဘဲ သို့သော် ဘာသိမှန်းမသိဘူးဆိုသလိုဖြစ်နေပြီ…အပိုင်း၂ မှာ ဆရာပြောမယ့်အကြောင်းအရာတွေကို..စိတ်ဝင်တစားနဲ့ စောင့်မျှော်နားထောင်နေကြောင်းပါ…

  9. နဒီမိုး on said:

    ဆရာ..ဆောင်းပါး..အပိုင်း(၂)..ကို…စောင့်မျှော်ဖတ်ရူနေပါမယ်
    ဗဟုတုတ..အလွန်တိုးပွား.လှပါတယ်..ရှင်
    အစဉ်အမြဲ.ကျေးဇူးတင်လျှက်
    နဒီ

  10. ပေါက်ပေါက် on said:

    ဗဟုသုတများစွာ ရပါတယ်ရှင်။
    အပိုင်း ၂ ကို စောင့်မျှော်နေပါတယ်။
    ဆရာနှင့် မိသားစု ကျန်းမာ ချမ်းသာ ရှိကြပါစေ။

  11. ခင်မောင်မြင့် on said:

    ယတြာတိုင်းဟာကိုယ်နဲ့အပ်စပ်မှစွမ်းတာလားလို့လဲသိချင်ပါတယ်။ ဆရာရေးသားထာတဲ့ဆရာဆီမှာ ကျွန်တော်2နှစ်လာက် န၀င်းထိုင်ဘူးပါတယ်။ အခုတော့ဆက်မလုပ်ဖြစ်တော့ပါ။

  12. dr.tin bo bo on said:

    မှန်ပါတယ်။

    ဆရာဖြစ်သူ နဲ့ ကိုယ်နဲ့ ပဌာန်းဆက် ရှိမှ အစွမ်းထက်လိမ့်မယ် လို့ယူဆပါတယ်။ ဒါပေမယ့် အခု ကျွန်တော်ပေးမယ့် ယတြာကတော့ တကယ်ဖြစ်အောင် လုပ်နိုင်ရင် လူတိုင်းအတွက် စွမ်းမယ်လို့ ယုံကြည်တယ်။ ဘယ်သူ့ကိုမှလည်း မှီခိုစရာ မလိုဘူး။ ကိုယ့်ဟာကိုယ် လုပ်ရမှာ။

  13. ဆရာရှင့်….
    *Happy New year ပါဆရာ….*
    *ဆရာနှင့်မိသားစု ယခုနှစ်သစ်မှစလို့ ကိုယ်စိတ်နှစ်လုံးအေးမြချမ်းသာပြီး အောင်မြင်မှုသရဖူကို ယခုထက်ပို
    ရပါစေဆရာ…ဘ၀ဆက်တိုင်း အခုလိုပဲ သူတပါးကိုကူညီနိုင်တဲ့ မြင့်မြတ်တဲ့ ဆရာတစ်ပါးဖြစ်ပါစေဆရာ *
ှုအင်တာနက်မသုံးတာကြာသွားလို့ အခုမှ ဆရာ့ဆောင်းပါးတွေတ၀ကြီး ပြန်ဖတ်ရတော့မယ်…ဖတ်စရာတွေအများကြီးထပ်တိုးလာတဲ့အတွက် ဆရာ့စေတနာတွေကို ကျေးဇူးတင်ပါတယ်ဆရာ…
    သမီးအမျိုးသား(KM) ကို ဆရာညွှန်ထားတဲ့ ဆရာ့မိတ်ဆွေဆရာ
    ဦးနိုင်လွင်ဆီကို သမီးတို့နှစ်ယောက်သွားမေးပြီးပါပြီဆရာ….
    အားလုံးအဆင်ပြေပါတယ်ဆရာ….ဆရာဦးနိုင်လွင်က ကြည့်မြင်တိုင် မှာပဲဆက်နေတုန်းပါပဲဆရာ….ဆရာ့ကို ကျေးဇူးအထူးတင်စွာဖြင့်….
    KM + SL

  14. ဆရာ..ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ..

    အပိုင်း၂ ကိုမျှော်နေပါတယ်..ဆရာ

  15. heartmuseum on said:

    စုံထောက်ဝတ္ထု ဖတ်နေရသလိုပါလား ဆရာတင်ရယ်……
    စောင့်နေပါ့မယ်… အပိုင်း၂ ကို…း)

  16. nyunt hlaine maung on said:

    sayar Bo,
    I wish you much success in the future.I hope your future will be filled with success.
    we’re expecting your’ next new post.
    thanks you

  17. poparkyi on said:

    ဆရာခင်ဗျာ–
    လောကကြီးမှာ အမြဲဆိုတာအမြဲမရှိပါ။အမြဲဘဲချေလို.ရတဲ့ယတြာဆိုတာ
    ရှိပါသလား????? ( လေးစားစွာဖြင့် )

  18. dr.tin bo bo on said:

    ကိုpoparkyi ခင်ဗျား

    ကျွန်တော့်ဆောင်းပါးတွေကို ဖတ်တဲ့ ပရိတ်သတ်တွေကို ကျွန်တော် အဖြစ်စေချင် ဆုံး ဆန္ဒတစ်ခုက “စာကို သေသေချာချာ ဖတ်စေလိုတာ” ဘဲ ဖြစ်ပါတယ်။ ကျွန်တော့်ဆောင်းပါးမှာ “အမြဲဘဲချေလို.ရတဲ့ယတြာ” ဆိုတဲ့ အသုံးအနှုံး သုံးမထား ပါဘူး။ ဒီအဓိပ္ပါယ်မျိုး မဆောင်ပါဘူး။ “အဆိုးမှန်သမျှ အားလုံးပျောက်နိုင်တယ်” ဆိုရင် ယတြာနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ ခံယူချက်ထဲက နံပါတ်(၁)လူစား ဖြစ်သွားမှာပေါ့။ ကျွန်တော့်ယတြာက “ချေလို့ရတဲ့ အဆိုးမှန်သမျှ ချေလို့ရမယ်”။ “ချေလို့ မရတဲ့ အဆိုး” ကိုတော့ ချေမရပါ။ အဲဒါကတော့ “၀ဋ်ကြွေး” ဖြစ်ပါတယ်။ ဘုရားရှင် သော်မှ ရှောင်လို့ မလွတ်ပါဘူး။ ဒါကိုတော့ ကြိုနားလည်ထားရပါမယ်။

  19. ကြယ်စင်မင်း on said:

    ဆရာ.. စောင့်မျှော်ဖတ်ရူ့နေပါတယ်.. ဘာလဲတော့သိဘူး..တစ်ခုခုတော့ထူးမှာသေချာနေတယ်..

  20. ဥပသကာ on said:

    ဆရာခင်ဗျား ကျနော်ဟာဆရာ့စာဖတ်ပရိတ်သတ်တစ်ဦးပါ ဒီဆောင်းပါးကို အကြိမ်ရေတော်တော်များများဖတ်မိတယ်ခင်ဗျ တွေးမိတာလေးရှိလို့ပြောထားခဲ့တယ် ဒုတိယပိုင်းလည်မျှော်နေပါတယ်။ ကျနော် လည်းအဖြေကိုသိချင်နေပါတယ်၊ ကျနော့်ညဏ်မှီသလောက်လေးပြောခဲ့ပါတယ်ခင်ဗျ။

    ‘ သစ်ပင်လိုကျင့်၊ မြစ်လိုကျင့်” ဆိုတဲ့အတိုင်းလားခင်ဗျ။

    လေးစားစွာဖြင့်
    ဥပသကာ

  21. မေနန်း on said:

    မလုပ်တတ်ဘူးယတြာက

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Reports to my Friends !

မြန်မာနှစ်ဆန်း(၁)ရက်နေ့ မှ စ၍ မြန်မာပြည်သူပြည်သားအားလုံး ဘေးခပ်သိမ်းရန်ခပ်သိမ်း ကင်းငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေသော်

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ